တိုက်ခန်း

October 2, 2022
တိုက်ခန်း
..........
ခပ်နွမ်းနွမ်း တိုက်ခန်းဟာ အဲ့ဒီစုပေါင်းအိမ်ယာရဲ့ အပေါ်ဆုံးထပ်မှာရှိပါတယ်။ တိတိကျကျပြောရရင် စုပေါင်းအိမ်ယာရဲ့ခြောက်ထပ်မြောက်မှာပေါ့။စုပေါင်းအိမ်ယာဟာ တော်တော်လေးဟောင်းနွမ်းနေတာကြောင့် အရင်က အဝါရောင်ဖြစ်ခဲ့တဲ့အမှတ်အသားကို ခပ်ပါးပါးပဲတွေ့ရတော့တယ်။အောက်ဘက်အထပ်တစ်ခုမှာတော့ ညောင်ပင်ပေါက်လေးခပ်သေးသေးတစ်ပင် ပေါက်နေပြီး သစ်ရွက်စိမ်းစိမ်းလေးတွေလှုပ်ခက်နေတတ်တာတွေ့ လိုက်ရတယ်။ သူဟာ မကြာခင် တိုက်ခန်းကို ဆွေးမြေ့ပျက်ဆီးအောင် ကူညီမဲ့သူရဲကောင်းကြီးဖြစ်နိုင်ပါတယ် ။
အောက်ဆုံးမြေညီထပ်နဲ့ အပေါ်တစ်ထပ်ကြားမှာတော့ လမ်းဘေးက ဓါတ်တိုင်ရဲ့ ထိပ်ဦးပိုင်းကိုတွေ့ရပြီး အဲ့ဒီနေရာ မှာ ဖိုက်ဘာအင်တာနက်ကေဘယ်လ်ကြိုးတွေဟာ တွန့်ခေါက်ပြီးတော့ ရောထွေးစုခဲရှုပ်ပွေ ဗျလဗျစ် ပွေလိမ်နေတာတွေ့ရတယ်။ ကြိုးတွေကြောင့်ဓါတ်တိုင်ဟာ လည်း အောက်ကိုပြိုလဲချင်တာနဲ့ပဲကိုင်းကျနေတော့တယ်။
တိုက်ခန်းရဲ့ ဝရံတာမှာ ကော်ရေပုံးမဲမဲလေးတစ်လုံးတင်ထားတာတွေ့လိုက်တယ်။ ဖြစ်နိုင်တာက အဲ့ရေပုံးမဲမဲလေးက အဲ့ဒီနေရာမှာ ရှိနေတာတော်တော်လေးကြာနေခဲ့ ပုံပါပဲ။ပိုင်ရှင်မဲ့ပုံးလေးဖြစ်ပါလိမ့်မယ်။
တစ်ချိန်တုန်းက အဲ့ဒီတိုက်ခန်းမှာ မိုးရွာရင် ရေအရမ်းယိုတတ်တဲ့ အခန်းတစ်ခန်းရှိခဲ့တယ်။
ကျွန်တော့် အရှေ့တည့်တည့်မှာ KIA တံဆိပ်ကားအနက်ရောင်လှလှလေးတစ်စီးရှိနေပြီး အနီရောင်တောက်တောက်ဝတ်ထားတဲ့မိန်းမတစ်ယောက်ဟာကားပေါ်ကိုတတ်ပြီးနောက်မှာတော့ မောင်းထွက်သွားခဲ့ တယ်။ သူထွက်သွားတာနဲ့ တစ်ပြိုင်နက်ဆိုသလိုပဲ အူကြောင်ကြား စပ်ဖြဲဖြဲအရောင်အဆင်းနဲ့ဟွန်ဒါဖစ်တစ်စီးဟာ အားရဝမ်းသာဝင်ရပ်တယ်။ ဟွန်ဒါဖစ်နဲ့အတူ ဘယ်က ပေါ်လာမှန်းမသိတဲ့အဘွားကြီးခပ်တည်တည် တစ်ယောက်ရောက်လာပြီး ဟိုနားတိုး ဒီဘက်တိုး အရှေ့တိုး အနောက်ဆုတ် နဲ့ ကားမောင်းသူကိုလမ်းပြတယ်။ ကားရပ်ပြီးသွားတဲ့နောက် ကားပေါ်ကနေ ခေါင်းထိပ်မှာလေယာဉ်ဆိုက်ဖို့ ကွင်းဖော်ထားတဲ့ ဆံပင်ကေနဲ့ဘဲကြီးတစ်ဦး ထွက်လာပြီးအဘွားကြီးနဲ့စကားပြောတယ်။
လူငယ်လေးတစ်ယောက်က ရေသန့်ဘူးစုတ်စုတ်ထဲက ရေကို စတီးခွက် ခပ်သောက်နေပြီးတစ်ဟားဟားရယ်နေတယ်။ ရေသန့်ဘူး ကြီးက ဒီနားမှာဘာလို့ရှိနေတာလဲ ? ဖြစ်နိုင်တာက အဲ့ဒီရေသန့်ဘူးက လူတိုင်းအတွက်လှူထားတာဖြစ်နိုင်ပြီး အဲ့ဒီ ရေကိုလူငယ်က ဒါနမြောက်အောင်သောက်နေတာဖြစ်ပါလိမ့်မယ်။ ပိုပြီးဖြစ်နိုင်တာက အဲ့ဒီရေသန့်ဘူးကြီး ကို အခုကျွန်တော်ထိုင်နေတဲ့လက်ဖက်ရည်ဆိုင်ပိုင်ရှင်ဦးလေးကြီးက အဲ့ဒီနေရာလေးမှာ ကြိုက်တဲ့သူသောက်ဆိုပြီး ဒါနပြုထားတာဖြစ်နိုင်ပါတယ်။
ရေသန့်ဘူးရဲ့ ဟိုဘက်ကိုကျော်ပြီးကြည့်မိလိုက်တော့ G&G store ရှိနေပြီး ခေတ်ဆန်ဆန်ကောင်မလေးနှစ်ယောက်နဲ့ကောင်လေးတစ်ယောက်ဝင်သွားတာတွေ့ရတယ်။
အင်း .. G&G ကနေ ငါဘာဝယ်စရာရှိသလဲ? ဘာမှတော့လည်းထူးထူးခြားခြားဝယ်စရာမရှိပါဘူးလို့တွေးမိတယ်။
ဒါနဲ့ငါက ဒီကိုဘာလာလုပ်ပါလိမ့်။ ငါဘာလာလုပ်တာလဲပေါ့ ?
အာ.. ငါလက်ဖက်ရည်လာသောက်တာလေ.. ဟုတ်တာပေါ့ လက်ဖက်ရည်လာသောက်တာ ..
.....
အဖြေရသွားတဲ့ခလေးတစ်ယောက်လိုကိုယ့်ကိုကိုယ်ကျေနပ်ပျော်ရွှင်သွားမိပြန်တယ်..
တစ်ချိန် တုန်းက ညဆယ်နာရီကျော်လောက် မှ G&G က နေဘီယာချမ်းရှည်နှစ်ဗူးနဲ့အတူ အဲ့ဒီ ဆိုင်ရှေ့က ရေတမာပင်အောက်မှာကျွန်တော် ထိုင်ဖူးခဲ့တယ်။ စကားတွေ အများကြီး ပြောခဲ့ဖူးတယ်လို့ ကိုယ့်ဖာသာထင်မိတယ်။ ကျွန်တော်က short time memories တွေပျောက်နေတာမို့ ဘယ်သူနဲ့ ဘာအကြောင်းတွေပြောခဲ့တယ်ဆိုတောတော့ မမှတ်မိတော့ပါဘူး။
ချက်ချင်းဆိုသလိုပဲ ကောင်လေးနဲ့ကောင်မလေး နှစ်ယောက်လက်ချင်းချိတ်ပြီး ကျွန်တော့်ရှေ့လမ်းမပေါ်ကနေဖြတ်သွားကြတယ်။ ကောင်မလေးက ကောင်လေးကိုစကားတွေ တတွတ်တွတ် ပြောနေပြီးကောင်လေးက အရိုးမှာအကောက်ပါတဲ့ထီးနှစ်ချောင်းလုံးကိုလက်တစ်ဖက်မှာချိတ်ထားရင်ကျန်လက်တစ်ဖက်ကနေကောင်မလေးလက်ကိုလွတ်ထွက်မသွားအောင်ဆုပ်ကိုင်ထားတယ်။ သူတို့အဝတ်အစားက ပုံစံတူနေတာကြောင့် ကုမ္ပဏီတစ်ခုခုမှာအလုပ်တူတူလုပ်ကြတဲ့ စုံတွဲဖြစ်လိမ့်မယ်လို့တွေးမိတယ်။ ကောင်မလေး ပြောသမျှကောင်လေးက ခေါင်းငြိမ့်နားထောင်လို့ .... လောကကြီးက ကြည်နူးစရာအတိလို့ ...သူတို့ဖာသာသူတို့တွေးမှတ်လို့ ... သာယာချမ်းမြေ့လို့ ...
ချက်ချင်းဆိုသလို သတိရမိတာက ကျွန်တော့ရှေ့က ဟွန်ဒါဖစ်မရှိတော့တာကိုပါ။ ဘယ်အချိန်ကတည်းက ပြန်ထွက်သွားလည်းမသိတော့ပါဘူး။ ဒီအချိန်မှာပဲ ဖော့ခွက်ကြီးကိုင်ပြီး ဘာမှန်းမသိတာကိုစားနေတဲ့ အနုတ်စုတ်ဂုတ်စုတ် ရုပ်နဲ့ ဂျလေဘီတစ်ကောင်က ဆိုင်ရှေ့ကိုရောက်လာပါတယ် ။ ပြီးတော့ချက်ချင်းဆိုသလိုပဲ ပြန်ထွက်သွားပါတယ် ။ ဒီကောင်လေးတွေက အခြေနေမဲ့လမ်းဘေးက လူတွေပါ ။ ဒီစုပေါင်းတိုက်ခန်းမှာ နေကြတဲ့လူတွေဆီက အမှိုက်ပစ်ပေး တာ နဲ့ လက်တိုလက်တောင်းခိုင်းတာတွေ ကနေရတဲ့ မုန့်ဖိုးလေးတွေနဲ့ ပဲ သူတို့ နိစ္စဒူဝ ဝမ်းရေးကိုဖြေရှင်းနေရတဲ့လူတွေပါပဲ ... ဒါနဲ့ .... ဒါတွေကိုငါဘယ်လိုသိနေပါလိမ့် ..
ထားပါတော့ ...
ဒါပေမယ့် စောစောက ဓါတ်တိုင်ရဲ့ခြေရင်းမှာတော့ ငပိရည်နဲ့တို့စရာကို အဓိက ရောင်းတဲ့ဆိုင်လေးတစ်ဆိုင်ကိုတော့သွားမြင်မိတယ်။ အမကြီးတစ်ဦးက ရောင်းနေပြီးဘေးမှာကွမ်းတပြစ်ပြစ်ဝါးနေတဲ့ဦးလေးကြီးတစ်ဦးက လာဝယ်တဲ့.. လူမရှိတဲ့ဆိုင်သေးသေးလေး မှာ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ဆိုင်လေးကို ဝိုင်းကူလို့နေပါတယ်။ ဖြစ်နိုင်တာက နောက် တစ်နာရီမှာ စျေးခပ်ပေါပေါ တောအရက်လေးတစ်ပိုင်းလောက်သောက်ခွင့်ရချင်လို့ မိန်းမဖြစ်သူဈေးရောင်းတာကို ဝင်ကူ ပြီး အမှတ်ယူနေတဲ့ပုံစံမျိုးပါပဲ။ တကယ်တော့ KIA ကားစီးတဲ့နေရာ Honda fit စီးတဲ့နေရာမှာ ငပိရည်နဲ့တို့စရာပဲ ရောင်းနေမယ်ဆိုရင်တော့ target audience ကနည်းနေမှာပါပဲ ။ ဒါဆိုရင်တော့သူ့ရဲ့ ငပိရည်ကိုအားပေးမယ့်သူလည်းနည်းနေဦးမှာပါပဲ။ စောစောက လမ်းပေါ်က လူငယ်လေးတွေအတွက် နတ်ပြည်ဖြစ်နိုင်ပေမယ့် အဲ့ဒီလူအရေအတွက်က လေးငါးယောက်ထက်မပိုပါဘူး။ Target audience ကို ဒီထက်level up လုပ်ပြီးတခြား ဟင်းတွေပါထည့်ရောင်းမှ ဒီရပ်ကွက်မှာပိုပြီး ဈေးကွက်ရဖို့လမ်းမြင်ပါတယ်။ ဒီအတိုင်းရောင်းနေရင်တော့ နောက် သုံးလလောက်ဆို ဆက်လက်ရပ်တည်ဖို့ခက်ခဲသွားမှာပါ။ လက်ဖက်ရည်က တော်တော်လေးဆိမ့်တာကြောင့် စိတ်ထဲကျေနပ်မိသလို မလိုင်ဖတ်လေးဝါးမိလို့လည်း ဒီလက်ဖက်ရည်က နို့နဲ့ဖျော်တာပဲ ဆိုတဲ့ စိတ်နဲ့ကြည်နူးမိပါတယ်။ ဒါနဲ့ ..ငါဘာလို့ဒီကိုရောက်နေတာပါလိမ့်။
ကျွန်တော့အနောက်ဘက်ဝိုင်းက လက်ဖက်သုပ်နဲ့ထမင်းစားနေရာကနေထသွားတဲ့ပုံစံမျိုး တန်းလန်းကြီးအနေအထားကိုမြင်ရတယ်။ ဆိုင်ရှင်က လက်ဖက်သုပ်ရော ထမင်းပန်းကန်ကိုရောမသိမ်းသေးတာကိုကြည့်ရင် ဒီလူပြန်လာမယ်လို့ယူဆစရာတော့ရှိနေတယ်။ ဒါပေပမယ့်ပြန်လာရင်တော့လက်ဖက်တွေက စားကောင်းပါဦးမလား???
တစ်ချို့တစ်ချို့သောအရာတွေက အချိန်ကိုက် နေရာကိုက်မှာပဲ အဆင်ပြေတတ်ပြီး အချိန်နဲ့နေရာလွဲသွားရင် အဆင်မပြေတတ်တာကို ဒီလူသဘောပေါက်ပါ့မလား?
ကျွန်တော်တို့ဘဝတွေမှာကော အချိန်နဲ့ နေရာလွဲနေခဲ့တဲ့သူတွေဘယ်နှစ်ယောက်များရှိနေခဲ့သလဲ?
ဒါနဲ့ .. ငါဒီကိုဘာလို့ရောက်နေတာလဲ?
ခဏချင်းဆိုသလိုပဲ နောက်ထပ် စုံတွဲလေးတစ်တွဲကိုမြင်လိုက်ရတယ် ။ ဘဲကောင်ကြီးက အရမ်းကိုမဲပါတယ်။ ရုပ်ဆိုးကြီးပေါ့ ... အသက်လည်းတော်တော်ကြီးတဲ့ပုံပါပဲ ။သူက ကောင်မလေးလက်ကို မလွတ်တမ်းဆုပ်ကိုင်ထားတယ်။ ကောင်မလေးကလည်း ငါ့ဘဲကြီးကိုထိရင်ငါနဲ့ငြိပြီသာမှတ်ဆိုတဲ့ ဘာမထီတဲ့ရုပ်ကြီးနဲ့ပေါ့ ။ သူတို့လမ်းလျှောက်ပြီးနောက်... ကျော်လွန် ထွက်ခွာ သွားကြတယ်။ ဘာစကားမှပြောနေကြတာတော့မဟုတ်ဘူး။ သြော် ... မိန်းခလေးတွေဆိုတာလည်း ကိုယ့်ဘဲက ခွေးပေးလို့ဝက်မစားတဲ့ရုပ်ကြီးဖြစ်နေတာတောင်မှ ငါ့ဘဲကိုလာမထိနဲ့ဆိုတဲ့ စိတ်လေးနဲ့ ဝင့်ကြွားတတ်ကြတာမျိုးလားလို့တော့ တွေးမိသေး... ဒါကလည်းပဲ အချစ်ဆိုတဲ့ သဘာဝရဲ့ အမှန်တရားတစ်စိတ်တစ်ပိုင်း ဖြစ်လိမ့်မယ် မဟုတ်လား?
...
...
မိန်းခလေးတွေကကိုယ်ချစ်တဲ့သူဆိုရင် ဘာပဲဖြစ်ဖြစ်.. ဘယ်လိုလူပဲဖြစ်ဖြစ် ရှင်ဘုရင်လိုသဘောထား ပြီး ဝံ့ကြွား တတ်ကြတယ်မဟုတ်လား??
...
...
....
တိုက်ခန်းပေါ်မှာတော့ ရေပုံးမဲမဲလေးကရှိနေတုန်းပါ။ တစ်ချိန်က အဲ့ဒီတိုက်ခန်းက ရေတွေအရမ်းနံနေလို့ ချိုးမရ သုံးမရနဲ့ သုံးရက်လောက် ဒုက္ခရောက်လိုက်ကြသေးတယ်။ ပြီးတော့ ပစိပစပ်များလွန်းတဲ့ဦးလေးကြီးတစ်ယောက်ကိုခေါ်ပြီး လိုအပ်တာတွေပြင်ဆင်ရတာသုံးရက်တော့ကြာခဲ့တယ် ထင်တာပဲ ။အဲ့ဒီတုန်းက အရမ်းပဲ စိတ်ညစ်စရာကောင်းလိုက်သေးတယ်။ အခုတော့ ဒီတိုက်ခန်းလေး အဆင်ပြေနေလောက်ပြီထင်ပါရဲ့ ။ မိုးယိုတဲ့ကိစ္စအတွက် အိမ်ရှင်နဲ့ အကြိတ်အနယ်သွားဆွေးနွေးခဲ့ဖူးသေးသလား? လိုတဲ့ပိုက်ဆံ ကျွန်တော်ပေးမယ် မိုးမယိုအောင်သာလုပ်ပေးလို့ပြောခဲ့ဖူးသေးသလား? ဆောရီး ...ကျွန်တော် မမှတ်မိတော့ပါ .
...
ဒါနဲ့ ....အဲ့ဒီတိုက်ခန်းကကော ငါနဲ့ဘာဆိုင်လို့လဲ ?
...
G&G စတိုးထဲက ကောင်မလေးနဲ့ကောင်လေးတွေထွက်လာတာသတိမထားမိတော့ပါဘူး။
ကျွန်တော့အရှေ့တည့်တည့်ဝိုင်းက လူငယ်လေးတစ်ယောက်ကတော့ ဘောင်းဘီတိုလေးနဲ့ဖုန်းပြောနေတုန်းပါပဲ ကြည့်ရတာ ကျွန်တော်ရောက်ကတည်းက ဖုန်းပြောနေတာ ကျွန်တော်ပြန်ခဲ့ရင်တောင်ပြီးဦးမယ့်ပုံမပေါ်သေးပါဘူး။
..
...
ကျွန်တော့ဖုန်းက အားသွင်းရင်းအိမ်မှာကျန်ခဲ့တာပါ။ ဒီအချိန်ဖုန်းခေါ်မယ့်သူလည်းမရှိလောက်ပါဘူး။ တကယ်တမ်းကျွန်တော့်ဘဝမှာ ကျွန်တော်ကိုယ်တိုင်ထက် တစ်ခြား ဘာမှမယ်မယ်ရရ ပိုင်ဆိုင်ခြင်း မရှိခဲ့ တဲ့လူတစ်ယောက်ပါပဲ။
ညညဆိုအိမ်မက်တွေမက်ပြီးလန့်နိုးတတ်တယ်။ အိမ်မက်ထဲမှာတစ်စုံတစ်ယောက်ရှိတယ်။ သူနဲ့အတူတူကမ်းခြေတွေတူတူသွားခဲ့ကြတယ်။ သူနဲ့ကျွန်တော် အိမ်မက်ထဲမှာတော့ ရည်းစားဖြစ်လိမ့်မယ်လို့တော့တွေးမိတယ်။ ဒါပေမယ့် သူဘယ်သူလဲ ကျွန်တော် မသိပါဘူး။ ...
...
ချက်ချင်းဆိုသလိုပဲ စက်ဘီးအစုတ်ကြီးတစ်စင်းက ဆိုင်ရှေ့ကိုလာရပ်တယ်။ စက်ဘီးပေါ်မှာလည်းစက်ဘီးလိုပဲလူစုတ်စုတ်ကြီးတစ်ယောက်ပါလာတယ်။ အဲ့ဒီလူမျက်နှာက အချိန်မတိုင်ပဲ ရင့်မှည့်လိုက်ရတဲ့ သရက်သီးအစုတ် တစ်လုံးလို ရှုံ့တွလို့ နေတယ်..
...
လူကြီးက ဆိုင်ထဲလှမ်းဝင်လာတော့ အိမ်နဲ့ဆိုင်တွဲထားတဲ့ လက်ဖက်ရည်ဆိုင်က အဝတ်လှမ်းရုတ် နေတဲ့ဦးလေးကြီးကလှမ်းကြည့်တယ်။ သူတစ်ခုခုမှာလိုက်ပုံရပါတယ်။
ဆိုင်ရှင်ရဲ့မိန်းမဖြစ်ဟန်တူသူက ရေနွေးကြမ်းတွေလိုက်ဖြည့်ပေးနေတယ်။
ကျွန်တော်ရုတ်တရက်ခေါင်းတွေမိုက်ခနဲဖြစ်ပြီး ခဏ နေတော့ပြန်ကောင်းလာတယ်
ကျွန်တော် ဆေးမသောက်ခဲ့မိတာပြန်သတိရတယ်...ပြီးတော့ ဒီနေ့အတွက် လုပ်ရမယ့် လေ့ကျင့်ခန်းလည်းမလုပ်ခဲ့မိသေးဘူး..
တိုက်ခန်းရဲ့ ဝရံတာမှာပုံးမဲမဲလေးကိုလှမ်းမြင်နေရတယ်။
...
အဲ့နေရာလေးမှာပဲ တစ်ချိန်က ကျွန်တော်ပြန်တော့မယ်ဆိုရင် လက်လှမ်းပြတတ်တဲ့တစ်စုံတစ်ယောက်ကိုလှမ်းမြင်မိသလိုလိုပါပဲ .... ကျွန်တော်က short time memories တွေ ပျောက်ဆုံးနေသူမို့ တကယ်တမ်း ဘာကိုမှ ရေရေရာရာတော့ မသိပါဘူး။။
သရက်သီးရှုံ့တွနဲ့တူတဲ့ဦးလေးကြီးကတော့ လက်ဖက်ရည်သောက်နေပါပြီ။
ကျွန်တော့ဘေး နားက ကမ္ဘာကြီးဟာ သူ့ဟာနဲ့သူတော့လည်ပတ်နေကြတုန်းပါပဲ။
ကျွန်တော်သောက်နေတဲ့နွားနို့နဲ့ဖျော်တဲ့လက်ဖက်ရည်လည်းကုန်ပါပြီ..
ကျွန်တော်ပြန်ဖို့အချိန်တန်ပါပြီ။
တိုက်ခန်းဝရံတာမှာ ပုံးမဲမဲလေးကိုလှမ်းမြင်နေရဆဲ..
အဲ့ဒီက အောက်ဘက်မှာတော့ အရွက်လေးတွေလှုပ်ခက်နေတဲ့ ညောင်ပင်ပေါက်လေးကိုလည်းမြင်မိပါရဲ့ ..
.....
ကျွန်တော် ဆိုင်ကနေထထွက်တော့ ညာဘက်ရင်အုံက အောင့်ခနဲဖြစ်သွားပြီးမျက်ရည်တို့က အတားအဆီးမရှိကျဆင်းလာခဲ့တာတော့ သတိထားမိတယ်။
ဘာလို့လည်း? ဘာကြောင့်ဒီလိုဖြစ်ရတာလည်း ကျွန်တော်လည်း သေသေချာချာ မသိသလို .....
ကျလာတဲ့မျက်ရည်တွေကို သုတ်လိုက်ဖို့လည်းစိတ်ကူးမရှိ ...
...
...
တိုက်ခန်း နံရံပေါ်က .. ညောင်ပင်ပေါက်လေးကတော့ လေလည်းသေချာမတိုက်ပါပဲ လှုပ်ခက်နေဆဲ...
ဆည်းဆာနေဝင်ချိန် ညနေခင်းလေးကလည်း သူ့သဘာဝအတိုင်း လှပနေဆဲ ....
..
..
..
 

ပုံပြင်လေးတစ်ပုဒ်

September 1, 2021
"ပုံပြင်လေး တစ်ပုဒ်"

ဟိုးရှေးရှေးတုန်းကပေါ့ကွယ်
ဗာလချောင်ဆိုတဲ့တိုင်းပြည်ကြီးမှာ ဗာလချာဆိုတဲ့ဘုရင်ကြီးတစ်ပါးကမင်းလုပ်အုပ်ချုပ်
သတဲ့ကွယ် ။အဲဒီဗာလချာမင်းကြီးမှာတဲ့ အင်မတန်မှလှပချောမောတဲ့ မင်းသမီးလေး
တစ်ပါး ရှိတယ် လို့မထင်ပါနဲ့ မရှိပါဘူးတဲ့။
အဲဒီတိုင်းပြည်မှာပဲ ဆွံ့အနားမကြားတဲ့ သူတောင်းစားလေးတစ်ယောက်လည်းရှိသတဲ့။
နေ့စဉ်နေ့တိုင်း သူတောင်းစားလေးဟာ ဈေးထောင့်တစ်နေရာမှာထိုင်တောင်း သတဲ့
ကွယ် ။ တစ်နေ့မှာတော့ ဘုရင်မင်းတြားကြီးတိုင်းခန်းလှည့်လည်စဉ် သူတောင်းစား
လေးကိုတွေ့ပြီး သနားတဲ့စိတ်ဖြစ်မိသတဲ့ ။ ဒါနဲ့ဘုရင်ကြီးက သူတောင်းစားလေးဆီကို
သွားပြီး ယာဂုတစ်ပန်းကန် ကျွေးသတဲ့ ။
ငတ်နေတာကြာပြီဖြစ်တဲ့ သူတောင်းစားလေးကတော့ အင်မတန်ဝမ်းသာသွားတာပေါ့။
အလျှင်အမြန်ပဲ ယာဂုကိုသောက်ဖို့လုပ်တဲ့အချိန် သူတောင်းစားလေးထက်ပိုမြန်တဲ့
ဘုရင်ကြီးက ယာဂုပန်းကန်ကို ပြန်ယူသွားသတဲ့ ။ ယာဂုသောက်ရင် စိတ်ကိုငြိမ်ငြိမ်ထား
ပြီးသောက်ဖို့ ပူရင်မှုတ်သောက်ဖို့ ကိုသေသေချာချာမှာကြားပြန်သတဲ့ ။ သူတောင်းစား
လေးက နားမကြားတော့ဘုရင်ကြီးဘာပြောနေလည်းမသိပါဘူး သူ့ခမျာစားရခါနီးမှပြန်
ယူသွားတာကြောင့် ခဏနေတော့ပြန်ပေးမလားဆိုပြီးစောင့်နေတာပါ ။
ဒါပေမယ့်ဘုရင်ကြီးကစိတ်ပြောင်းသွားပါတယ် ။
ယာဂုဆိုတော့ခဏနဲ့ဗိုက်ပြန်ဆာမှာပေါ့ ။ဒီတော့ ထမင်းပဲကျွေးတာကောင်းပါတယ်ဆို
ပြီး ထမင်း သွားဝယ်ခိုင်းသတဲ့ ။ သိပ်မကြာခင်မှာပဲ ထမင်းတစ်ပန်းကန်သူတောင်းစား
လေးရှေ့ရောက်လာပြန်တယ်။ ဆာနေပြီဖြစ်တဲ့သူတောင်းစားလေးအရမ်းဝမ်းသာပြီး
အလျှင်အမြန်လက်လှမ်းလိုက်တဲ့အချိန် ဘုရင်ကြီးက ထမင်းပန်းကန်ကိုပြန်ယူသွားပြန်ပါ
ရောတဲ့ ။ ဘုရင်ကြီးက စီးပွားရေးအကြောင်းကိုပြောပြသတဲ့ ဒီထမင်းကို တစ်ခြားသူတောင်း
စားကိုပြန်ရောင်းပြီး အခုတောင်းလို့ရတဲ့အထဲက နည်းနည်းထက်ဖြည့်ရင်ပိုကောင်းတဲ့
ထမင်းရတယ်ဆိုပြီး တော့ပေါ့ ။ သူတောင်းစား
လေးက နားမကြားတော့ဘုရင်ကြီးဘာပြောနေလည်းမသိပါဘူး သူ့ခမျာစားရခါနီးမှပြန်
ယူသွားတာကြောင့် ခဏနေတော့ပြန်ပေးမလားဆိုပြီးထပ်စောင့်နေရပြန်ပါသတဲ့။
လျှာရှည်တဲ့ဘုရင်ကြီးဟာ လက်တွေ့ပြမယ်ဆိုပြီးအဲဒီထမင်းကို တစ်ခြားသူတောင်းစားကိုသွားရောင်းခိုင်း
လိုက်ရောတဲ့ ။ တစ်ရက်နေမှတစ်ရက် အနိုင်နိုင် တောင်းစားရတဲ့သူတောင်းစားတွေဟာ
အဲဒီထမင်းတစ်ပန်းကန်ကို မဝယ်နိုင်သလိုဝယ်လည်းမဝယ်ချင်ကြပါဘူး။ဒါပေမယ့်
ဘုရင်ကြီးရောင်းခိုင်းတာဆိုတော့လည်း သူတောင်းစားဆယ်ယောက်စုပြီးဝယ်ပေးလိုက်ရ
သတဲ့ အဲဒီပိုက်ဆံနဲ့ နောက်တစ်ပန်းကန်ဝယ်ပြီးဘုရင်ကြီးဆီလာပေးကြသတဲ့။
ဘုရင်ကြီးက ထမင်းပန်းကန်ကိုသူတောင်းစားဆီထိုးပေးပြန်ပါသတဲ့ ။
ဒီတစ်ခါတော့သူတောင်းစား လေးက သူမစားရသေးခင်ပြန်ယူသွားမှာကိုကြောက်တတ်
လာပါပြီ ။ဒီတော့ ဘုရင်ကြီးပြန်မယူခင်စားမယ်ဆိုပြီး ချက်ချင်း တစ်လုပ်ကိုခပ်မြန်မြန်
နှိုက်စားလိုက်တာနဲ့ဘုရင်ကြီးက ပန်းကန်ကိုပြန်ယူသွားပါရောတဲ့ ။
သူတောင်းစားလေးကတော့ စိတ်တော်တော်ညစ်နေပါပြီ။တကယ်တော့
ဘုရင်ကြီးကစိတ်ပြောင်းသွားတာပါ ။ သူက သူတောင်းစားလေးက ထမင်းတော့ တောင်း
ရမ်းစားသောက်ဖူးမှာပါ ခေါက်ဆွဲတော့မစားဖူးလောက်ဘူးဆိုပြီး အခုထမင်းအစားခေါက်
ဆွဲ တစ်ပွဲသွားဝယ်ခိုင်းပြန်ပါသတဲ့ ။သူတောင်းစားလေးအတွက်ကတော့ထမင်းမှ ခေါက်ဆွဲ
မှ မဟုတ်ပါဘူး ဗိုက်ပြည့်ဖို့ကအဓိကပါ ။အခုဆိုရင်စားရနိုးစားရနိုးနဲ့ စောင့်နေတာ
အချိန်တော်တော်ကိုလင့်သွားပါပြီ။ အရင်တုန်းကလည်းဆာနေတဲ့ဗိုက်ဟာအခုလည်းဆာ
နေဆဲပါပဲ တဲ့။သိပ်မကြာခင်မှာပဲ ခေါက်ဆွဲပန်းကန်ရောက်လာပါတယ် ။
ဒါပေမယ့်သူတောင်းစားလေးမနှိုက်ခင်မှာပဲ ဘုရင်ကြီးကပြန်ယူသွားပြန်ပါသတဲ့ ။
အရင်ကဆာယုံပဲဆာတဲ့သူတောင်းစားလေးဟာဘုရင်ကြီးနဲကတွေ့မှဟင်းအနံ့အမျိုးမျိုးပေးပြီး
တကယ်လည်းမစားရပဲ နှိပ်စက်ခံနေရလို့ပိုလို့တောင် စိတ်ဒုက္ခရောက်ပြီးနေတာပေါ့ကွယ်။
တကယ်တော့ဘုရင်ကြီးကစိတ်ပြောင်းသွားတာပါ ။ခေါက်ဆွဲက ဘိုးဘွားတွေကန်တော့
ရင် တင်မြှောက်ရတာဆိုတော့မကျွေးသင့်ဘူးလို့တွေးမိတာကြောင့်ပါ ။
ဒါပေမယ့် ခေါက်ဆွဲကိုဘယ်လိုစားရမယ်ဆိုတာတော့ စေတနာထားပြီးသင်ပေး တာပေါ့ကွယ်
သူတောင်းစားလေးက နားမကြားတော့ဘုရင်ကြီးဘာပြောနေလည်းမသိပါဘူး သူ့ခမျာစားဖို့
ပေးလိုက် ပြန်ယူသွားလိုက် စားဖို့ပေးလိုက်ပြန်ယူသွားလိုက်လုပ်နေတဲ့ဘုရင်ကြီးကြောင့်
နေရာမှာတင်လဲသေချင်အောင်စိတ်ဓါတ်ကျနေပါပြီ ။ခုအချိန်တစ်ခြားသွားတောင်းရင်ထမင်း
တစ်နပ်စာတော့တောင်းလို့ရလောက်ပြီလို့လည်းတွေးပြီးဝမ်းနည်းနေတာပေါ့ ။
သူတောင်းစားလေးကို သူဘယ်လောက်စေတနာထားကြောင်းပြသချင်တဲ့ဘုရင်ကြီးကဒန်ပေါက်တစ်ပွဲ
ဝယ်ပြီးယူခဲ့ခိုင်းသတဲ့ ။ သိပ်မကြာခင်မှာ ဒန်ပေါက်ပန်းကန်ဟာသူတောင်းစားလေးရှေ့ရောက်
လာချိန်မှာတော့ သူတောင်းစားလေးဟာ ရှိုက်ကြီးတငင်ငိုကြွေးပါလေရောတဲ့ ။
သူတောင်းစားလေးကသူမစားခင်ပြန်ယူသွားမယ့်ဒန်ပေါက်ပန်းကန်အတွက် ကြေကွဲပြီးငိုတာ
ဖြစ်ပေမယ့်စကားမပြောတတ်တဲ့ သူတောင်းစားလေးရဲ့မျက်ရည်ကိုဘုရင်ကြီးကနားလည်မှု
လွဲသွားပါတယ် ။ အင်း ဒန်ပေါက်နဲ့မတည့်လို့ငိုတာပဲ ဆိုပြီးရွှေညာဏ်တော်စူးရောက်ပြန်တာ
ကြောင့်ဒန်ပေါက်ပန်းကန်ကို လည်းပြန်ယူသွားပါသတဲ့ကွယ် .............
ပုံပြင်လေးကတော့ဒါပါပဲကွယ် ......................ေိေိေိ
 

တစ်ခါတုန်းက ၂

September 1, 2021
"ဟျောင့် .. မျောက်ကိုက် ... ဆော်အိမ်ရှေ့ဂစ်တာသွားတီးချင်လို့ .. အဖော် လိုက်ပေး .. "
"ဘာ ....... မင့်အုန်းကျွမ်းကြီးတွေ သွားဆိုဦးမလို့ လား .. တော်တော် တော် ......လိမှ မလိုက်ပေးဘူး .. ဖိနပ်တွေ ဂဲတွေပျံလာရင် စက်ကွင်းမလွတ်ဘူး .. အာဇာနည်လောက်ဆိုရင်လိုက်ပေးဦးမလို့ ."
"ရတယ်လေ မင်းမလိုက်လည်း ငဘစ်နဲ့သွားဆိုမယ် ... "
"ကြွကြွ .. "
ပြောတော့လည်းပြောချင်စရာ .. ကိုယ့် ကိုယ်တိုင်ရေး ကိုယ်တိုင်ဆို ကိုယ်တိုင်နားထောင် အွန်းကျွမ်းသီချင်းတွေကို ဘယ်သူမှနားမထောင် .. နားထောင်ချင်လျှင် ဘီယာတိုက်ရသည် .. သို့မှသာ သကောင့်သားများက အားနာပါးနာ နားထောင်ပေးကြသည် ...
...
သြော် .. ဒါနဲ့ ဒီဇာတ်လမ်း က ဖုန်းတွေ အင်တာနက်တွေ ခတ်မစားသေးတဲ့ အချိန်တုန်းက အဖြစ်အပျက်မို့ လို့ ဖုန်းတွေ အင်တာနက်တွေ တော့မပါသေးဘူး..
..
"ဟျောင့် ငဘစ် .... ဒီည ကောင်မလေးအိမ်ရှေ့ ဂစ်တာတီးပြချင်တာ ကွာ .. မင်းလိုက်ခဲ့ပေးပါလား ... "
"လိုက်ပေးရင် ဘျာတိုက်မှာလား ?? "
"ငါးဆယ်ပဲရှိတယ် ... အေဘေးရဲ့ .."
"လိမှ မလိုက်ဘူး .... ငါးဆယ်နဲ့ ဖွန်ကြောင်ချင်တဲ့အကောင်... ကွကိုယ်သွားဆို ..."
.
"မင်းတို့က စိတ်ဓါတ်ပဲနော် ... ငါနာမည်ကြီး အဆိုတော်ဖြစ်လို့ကတော့ မင်းတို့ကောင် တွေဘက် အီးတောင်လှည့်မပေါက်ဘူး ... "
.
" အေးမင်းလည်းလမ်းဘေးမှာ ခွက်တလုံးနဲ့ တောင်းနေတဲ့အချိန် ငါ့မျက်နှာကြီးလှမ်း တွေ့တော့မှ ပျောက်နေတဲ့ အဖေပြန်တွေ့တဲ့သားလို ခွက်ကြီး ဂလောင် ခနဲ ပစ်ချပြီး ဝမ်းသာအားရ ပြေးမလားနဲ့ .. စောင့်ခွက်ချည်း ဖြတ်ကန်မှာ ...
.
"အေး ... ငါ လည်း သူနဲ့ရလို့ ကလေးမွေးရင် ..မင့် မွေးတဲ့ ကလေးနဲ့ လိ မှ သဘောမတူဘူး ... ဖြစ်သွားရင်လည်း မရ-ရအောင်ဖြတ်မှာ .. မင်ဂါဆောင်လည်းလိတောင် မဖိတ်ဘူး .. ခွေးသားလေးရဲ့ "
.
"အေး .. ငါလည်း မင့်လို့ ငမဲကောင်နဲ့ရလို့မွေးတဲ့ စောင် ငမဲ မျိုးဆက်လို့ လိ မှ သဘောမတူဘူး .... မင့် ဖြတ်တာထက်စောအောင်ဖြတ်ဥှီးမှာ ..
ဂစ်တာသွားတီးမှာ မဟုတ်လား ကြွကြွ .. ကျက်သရေတုန်း .
ဘီယာ မတိုက်မချင်း မင့်မျက်ခွက်က စောင်ကျက်သတုံးပဲ ... "
.
" ငလူးမ ဘစ်ဘစ် .. ခုနေထီပေါက်တောင် မင့်တစ်ယောက်ချန်ပြီးတစ်ရပ်ကွက်လုံး ဘီယာတိုက်မှာ .. လိမ့်ပြီ ..."
..
အင်း ခု မှ အစောကြီးရှိသေးတယ် ... အိမ်ပြန်အိပ်ပြီး ...တစ်ရေးနိုးမှ ထတီးမယ် ... အဲအဲ အဟုတ်ကြီးမှတ်မနေနဲ့ ... ကောင်မလေးက ဒီမျက်ခွက်ကြီးကို ချစ်ဖို့နေနေသာသာ .... နည်းနည်းမှ ကြည့်မရ အဲ့ဒါလည်းအလိုက်ကမ်းဆိုးမသိပဲ သူ့ အိမ်ရှေ့ဂစ်တာသွားတီးဖို့ကြံစည်နေသေးတာ .... အိမ်ချင်းကတော့သိပ်မဝေးလှ ....
အိမ်ပြန် .. အိပ် ...
.. သို့နှင့် ..
.
.
.
.
.
သင်ထင်သလို မနက်ထိ အိပ်ပျော်သွားတာမဟုတ်ပါဘူး ..
.
.
.
အောင်ကြီးက နာရီအလမ်းပေးပြီးအိပ်တာပါ .. ဟွင်းဟွင်း ...
.
.
.
.
ကွက်တိနိုးပါတယ် .. အဟက် အဟက် ..
အခုဆိုရင် တော့ .... လူမရှိတဲ့ ညနက်နက်ရဲ့လမ်းမ ပေါ်မှာ ဂစ်တာတစ်ကားကားနဲ့ကောင်မလေးအိမ် တစ်ကိုယ်တည်းလမ်းလျှောက်ချီတတ်လို့ နေပါပြီ .... ဘေးမှာလည်း အခြွေ အရံတွေနဲ့ပါ
ဝုတ် ... ဝုတ် .... ဂဲ ......
.
အောင်နက် အောင်နက် ....ဂုတ်ကြား .. မိလုံး .. ညိုညို အို့ အို့ ...
အီ အီ .. အာဝု ..(အံမယ် .. ငါကွ)
သို့နှင့် ..
ကောင်မလေးအိမ်ရှေ့ ....
..
.
.
အာဝူး ...................
ဆွဲဆွဲငင် ငင် အူလိုက်သော ခွေးအူသံက ရုတ်တရက်နီးနီးကပ်ကပ်ပေါ်လာသည် .. ငါ့အနားခွေးမရှိတော့ ပါဘူး .... ဟိုခွေးတွေလည်း ရက်ကွက်လွန်တာနဲ့ ကျန်ခဲ့ပါပြီ ..
အခု ဘယ်ကခွေးကရုတ်တရက်ကြီး ထ .အူပါလိမ့် ...
.
ချစ်သူအိမ်ရှေ့ လမ်းက လူတစ်ယောက်မှမရှိ ... ကောင်းကင်လည်းမဲမဲကြီး .... လေတစ်ချက်အဝေ့မှာ အပုတ်နံ့ကြီးကထောင်းခနဲ့ ....
ဂစ်တာကိုင်တဲ့လက်က နည်းနည်းတော့ တုန်လာပြီ ... စိတ်ထဲလည်း ဘာကိုစိုးရွံ့မှန်းမသိ ... ဒီနားလေးရောက်မှပဲ ပို ချမ်းစိမ့်စိမ့်ဖြစ်နေသလိုလို ....
ဒေါင်းစားတွေကလည်း တစ်ကောင်မှ အဖော်မလိုက်လာပေးဘူး ..
အတွေးထဲမှာလည်း ..
ဒီလမ်းပေါ်မှာ ဟို ၈၈ အရေးအခင်းတုန်းက လူတွေ အများကြီးသတ်ခဲ့တာ သူတို့က ခုထိ မကျွတ်သေးဘူး ... ခေါင်းဖြတ်ခံရတဲ့ ကျောင်းသူလေးဆို ညည သူ့ ခေါင်းလိုက်ရှာနေတာ ဒီလမ်းပေါ်မှာ .. ကုန်စိမ်းသည်တွေဆိုတစ်ယောက်တည်း မလာရဲကြတော့ဘူး လို့ အန်တီ ဘုတ်ဆုံပြောတာာပြန်ကြားလာမိသလိုလို ....
ခုနကတစ်ချက်ပျောက်သွားတဲ့ အပုတ်နံ့ကြီးက ပြန်စူးလာပြန်ပြီ ..
ဒေါင် ...
ဟင် .. ငါ့ဂစ်တာက .. အသံဟ ......
.
.
တောက် ... တောက် ...
ရေစက်လေးကျလာသဟ .. .. မိုးလည်းမရွာပါဘူး ...
.
.
.
ဘုရားဘုရား
ဣိတိပိသော ဘဂဝါ ... ဝါ .. ဝါ ..
.
.
.
အာဝူး ..........(ခွေးအူသံ)
အပုတ်နံ့ကြီး .. ဘုရားဘုရား .....
.
.
.
.
ဟာ .. ... လက်အေးအေးကြီး ....
သ.... သ .... သ ရဲ ..
.
.
.
.
.
သို့နှင့် ..
နောက်နေ့နံနက်တွ င် သတိလစ်အိပ်ပျော်နေသော အောင်ကြီးအား ရပ်ကွက် မှ ဝိုင်းနှိုးပြိး အိမ်ပြန်ပို့ပေးလိုက်ကြောင်း ....
ဂစ်တာလည်း မရှိတော့ကြောင်း ..
 

တစ်ခါတုန်းက

September 1, 2021
ကျွန်တော် ဒီ ထောင်ချိုးလေးမှာ လာလာစောင့်နေတာ ဒီနေ့နဲ့ဆိုသုံးရက်ရှိနေပြီ ..
ဘေးတိုက်က အန်တီကြီးဆီကနေ ဒီကောင်လေး ထမီခိုးဖို့လား ... လုံချည်ခိုးဖို့လား တစ်ခုခုပဲ ဆိုပြီး မျက်လုံးပြူးပြူးပြီး ကြည့်တာကို မသိချင်ယောင်ဆောင်ပြီးသည်းခံခဲ့တာလည်း အခုဆို သုံးရက်တိတိရှိနေပြီ ...
ခညားလည်းငယ်ရာကကြီးလာတာပဲ မဟုတ်ဘူးလား ကျုပ်ချစ်သူကျူရှင်ဆင်းတာကို ရပ်စောင့်နေတယ်ဆိုတာ ခင်ညားကြီးနားမလည်ချင်ယောင်ဆောင်နေတာလား.....ဟင်း ဆိုတဲ့ မျက်လုံးကြီးနဲ့ကျွန်တော်က မျက်စောင်းလှမ်းထိုး ပြီးပြန်ကြည့်တော့ အန်တီကြီးကလည်း မသိဘူးဟေ့ ငါ့ထမီတွေ ပျောက်လို့ကတော့ နင် ပဲ ဆိုတဲ့မျက်လုံးကြီးနဲ့မျက်စောင်းပြန်ထိုး ရော ...
အဲ အဲ အဲ့သလို မျက်လုံးစကားပြောပြီးတော့ချစ်သူလေးကိုစောင့်ရသည်ပေါ့လေ
အန်တီကြီးတွေများ ... အလိုက်ကမ်းဆိုးကို မသိ ... အဲ့ဒါကြောင့်လည်း ရုပ်ကြီးက ကျက်သတုံးရုပ်ကြီးဖြစ်နေတာ .. အပေါ်စီးက ကြည့်ကြည့် အောက်ကပင့်ကြည့်ကြည့် ကျက်သတုံးရုပ်ကြီးပဲ ..... ဟွန်းးးးးး
ထားပါတော့ ဒီနေ့ တော့ crush ကို ပြောဖြစ်အောင်ဖွင့်ပြောလိုက်တော့မည် .. ဒါမှ နောက်နေ့ ဒီမှာ ယောင်လည်ယောင်လည် လာစောင့်စရာမလိုတော့မှာ ...
ပြောသာပြောတာတကယ်တမ်းတော့ကြောက်သည်..
ကြောက်နေလို့ပဲ သုံးရက်ဖြစ်သွားတာ ...
ကောင်မလေးက ဒီရှေ့ကဖြတ် .... ကျွန်တော့်ကိုတွေ့ .. ရှေ့ဆက် ..
ကျွန်တော်ဇောချွေးပြန် .. အေးဆေးရတယ် ဆိုပြီး ခြေထောက်တွေက ကျောက်ချသလို မထွက်တော့ ... ဒီလိုနဲ့ တစ်ရက်ကုန် .... ဟားးးးးး
ကဲ .... ဒီပုံနဲ့တော့ ရည်းစားဖြစ်ကိန်းမမြင် .... (သူကလည်းကြိုက်တဲ့ပုံနည်းနည်းမှမပေါ်ပါဘူး .. ဒါပေမယ့်ကိုယ့်အတွေးနဲ့ကိုယ်ပဲ )
သြော် .. ပြောရဦးမယ် .. အဲ့ဒီ အချိန်က အခုအချိန်တွေလို ဖုန်းတွေ မပေါသေးဘူး .. အင်တာနက်တွေ ဘာတွေဆိုတာလည်း စျေးကြီးသေးတယ် နောင်လတ်လို ဘောစိတွေပဲ အင်တာနက် သုံးနိုင်တာ ... သူ့ ဇာတ်လမ်းထဲကြည့်ကြည့် ..ကိုယ့်ဇာတ်လမ်းကတော့ အဲ့လောက် ထိ ဟုတ်သေးဘူး .. လျှောက်ပြန်သံပေး ခြေအေးဝမ်းရောင် အဆင့်ပဲ ...
ဘာ ? ကောင်မလေး ချောလား ??? မေးမှမေးတတ်ပလေ ...
ကျွန်တော့်ကောင်မလေးလား ... အရမ်းလှ အရမ်းချော ... သေချာကြည့်ရင် အဲ့ဒီ အချိန်က တတ်သစ်စ မင်းသမီးလေး ဝိုင်းစုခိုင်သိန်း နဲ့ တထေရာတည်း ...
နာမည်လေးကလား?? နွေဦးမှာပွင့်တဲ့ပန်းပွင့်လေး ရဲ့နာမည်ဗျ ..
ဘာပန်းလဲ သိချင်လား??? သတ်ရင်သတ်လိုက် မပြောပြဘူး ... ကျုပ်ချစ်သူနာမည်ကို ခင်ဗျားကသိသွားရင် ဖွဘုတ်မှာလိုက်ရှာမှာ ရှာရင်တွေ့သွားမှာ .. တွေ့ရင် ချစ်သွားမှာ.. အာ့ကြောင့် မပြောဘူး .. ဆိုင်ဆိုင် -မဆိုင်ဆိုင် ဘုရားမှာ အဲ့ဒီပန်းချည်းထိုးလို့ အမေက ဒီကောင်လေးအရင်က ဘုရားနဲ့ရန်ဖြစ်ထားပြီး အခုမှ ဘုရားလာသတိရနေတယ်လို့တောင် အပြောခံရသေး....
နောက်တစ်သြော် .. .နောက်တစ်ခု...
ဒီအဖြစ်အပျက်က ပထမ တင်ပေးတဲ့ အဖြစ်အပျက်ထက် အများကြီး စောတယ်ဗျ ...
ဟော ..... ခင်ဗျားကို ရှင်းပြနေတုန်း ကျုပ်ချစ်သူ ဝိုင်းစုခိုင်သိန်းလေး ကျူရှင်ဆင်းလို့ ထွက်လာပြီ ..
ခေါင်းလေးငုံ့လို့ ....... ထီးလေးဆောင်းလို့ .... ကျောပိုးအိတ်လေးနဲ့ ... အို ... လှလိုက်တာ .....
တကယ်လို့များလောကရဲ့ ဟောဒီ ကောင်းကင်ယံကြီးအောက်မှာ သူလေးနဲ့ ကိုယ် နဲ့ နှစ်ယောက်တည်းသာရှိနေမယ်ဆိုရင် ကြယ်လည်းမလို လလည်းမလို .. ကမ္ဘာဘာဦးက ငှက်ပျောသီး .. သီး .. သီး....
အဲ့ .. ငါ့ရှေ့ကကျော်တတ် သွားပြီ ... လိုက်ဟ .. မြန်လိုက်တဲ့ခြေလှမ်း ....
ဒီနေ့ ထပ် ပြီး ဘာမှမပြောဖြစ်ရင်တော့ နက်ဖြန် ဟိုအန်တီကြီးထွက်ရိုက်လိမ့်မယ် ...
ဒီလိုနဲ့ကောင်မလေးဘေးမှာယှဥ်လို့ ရောက်လာပြီ .. ဟောဟဲ .. ဟောဟဲ .....
အနားကပ်မိမှပဲ ဖြူဖွေးနေတဲ့အသားအရေနဲ့ အို ... ချစ်သူလေးက လှလိုက်တာ ...
ရုပ်ချည်းဆိုသလို လက်တွေ ပြန်ပြီး ခြေတွေအေးစက် ... အာခေါင်ထဲ တစ်ခုခုရှိနေသလိုလို ဘာပြောရမှန်းမသိတော့ ..
ကောင်မလေးက ခေါင်းငုံ့ထားရင်းက ခြေလှမ်းကို ထပ်သွက်လိုက်ဖို့ပြင်သည်.. ဘာတွေကြားရတော့မယ်ဆိုတာသူသိနေပြီကိုး ...
မှန်ကြောင် အောင်ကြီး မြန်မြန်ပြော .. ဒီနေ့မှမပြောရင် တစ်သက်လုံးမပြောရတော့ဘူး အားတင်းစမ်း ... ယောက်ကျားပဲ ရည်းစားစကားလေးပြောဖို့ကို ကြောက်နေသေးတယ် ... ဂါးးးးး ပြောစမ်း ပြောပစ် .. ချစ်တယ်လို့ပြော ....
...
ဟိုလေ ... ဟို ....... ညီမလေး ...
ကျွန်တော် ချောငယ်ကို ချစ်တယ် ....
..
..
ဟိုက် ရှ် ... မှားပဟ ...
(ကောင်မလေးနာမည်က ချောငယ်မဟုတ်)
အမ် ...
ကောင်မလေးကအံ့သြသလိုကြီးတစ်ချက်ကြည့်တယ် ..
ဟိုဟို ... ယောင် ယောင်ပြီး မှားခေါ် .. ဟို ... အဲ့ ...
ဒီလို နဲ့ ဟိုလို .. အဲ့လို ကြီးလေ .. အဲ့လယ် အဲ့လယ် ...
ဟာ ....
လူက မျက်ရည်ပါကျချင်လာသလို..
အဲ့ ဒီ ချောငယ်ဆိုတာက ဘယ်သူလဲ ကျွန်တော်ကိုယ်တိုင်လည်းမသိ .. အယောင် ယောင် အမှားမှားနဲ့ ... မှားခေါ််တဲ့နာမည် ..
သွားပြီ ... ဟား .....
နေဦး ချောငယ်ဆိုတာ ချောတယ် လို့ပြောတာနဲ့ ခပ်ဆင်ဆင်ပဲ .. ချောတယ်လို့ပြောတာ ဆိုပြီးပြန်ရှင်းပြမယ် ...
ကိုယ်ကသာ ရပ်ပြီး ယောင်စိန်ဖြစ်နေတာ ...သူမက တော့ ကျွန်တော်နဲ့နှစ်မိုင်အကွာ လောက်ကို အသော့နှင် လို့ ရောက်နှင့် နေပါပြီ ဆိုတာ.....
သြော် .. ဘဝ .. ဘဝ ....
စောင် FA ဘဝ
 

လင်းမူ

September 1, 2021
.
လင်း မူ က အခု ချောင်းနေတာက သရ ဖီ ရုံးဆင်းချိန်ကို ..
..
ပြီးခဲ့တဲ့ရက်က သရဖီကို ကွီး ဖြိုး ကားနဲ့လာကြိုသွားလို့ အချိန်ကောင်းလွတ်သွားခဲ့ပေမယ့် ဒီနေ့မှာတော့ အဆင်ပြေစေဖို့ လင်းမူ ဆုတောင်းရင်းဆက်စောင့်နေမိသည်။
လင်းမူ အချစ်တွေ ဖွင့်ပြခွင့်ပြုပါရစေတော့ သရဖီလေးရယ်။
ဟော .. အချစ်လေးထွက်လာပြီ ..
သရဖီက ရုံးဆင်းပြီမို့ ဖိုင်တွဲလေးကိုင်ပြီး ကျော့ကျော့လေး ထွက်လာသည် ။ လင်း မူ ဒီတစ်ခေါက် အခွင့်အရေးကိုတော့လက်လွှတ်မခံတော့ ... အသက်တစ်ချက် ..ခက်ပြင်းပြင်းရှုလိုက်ပြီးကိုယ့်ကိုယ်ကို ပြန် အားပေးလိုက်သည်။ ပြောရမှာတွေပြန်စဥ်းစား.. ..
..
မ, ကိုမှ မရရင် ကျွန်တော့ဘဝက လမ်းဘေးက ခွေးအိုကြီးဖြစ်နေတော့မှာပါ လို့ တော်ကီတစ်ပေါက် ပစ်ထည့်မယ် ..ပြီးတော့ မကိုအရမ်းချစ်တာ သေမတတ်ပဲ လို့ပြောမယ် ... အချစ်စစ်ရဲ့လမ်းကမဖြောင့်ပါဘူး မရယ် ဆိုတာလေးလည်း ထည့်ပြောပေးရဦးမယ် .. ဒါဆို မမ ကြွေဆင်းသွားမှာ .. အိုမောင်လေး လင်းမူရယ်ဆိုပြီး အကြင်နာရောင်ပြန်ဟပ်လာမှာ ....
ဟော ... ချစ်မ ဖိုင်တွဲလေးကိုင်ပြီးလမ်းလျှောက်နေတာ အခု အနားနားကိုရောက်လာပြီ ...
မ..
မမ ..
...ဖွီ .. ? ? (အဖျားဆွတ်ခေါ်လိုက်တာ .. ငိငိ )
..ဖီ ..ဖီ .. ဖီ
သရဖီမျက်မှောင်ကြုတ်ကြည့်တော့ လင်းမူ ဝမ်းသာအားရသွားလေးဖြဲပြီး...ကြည့်သည်။
အချစ် သူတောင်းစားလေး လင်းမူ အဖြစ်က .. ခုတော့လည်း သနားစဖွယ် ...
သရဖီနည်းနည်းတော့ သနားချင်သွားသည်.. ဟယ် ကမ စိတ်ကိုထိမ်းဦး .. သူပြောပါစေဦး .. သရဖီ ကိုယ့်ဖာသာရေရွတ်မိသည်။
အချစ်ကြောင့်လှုပ်ရှားနေသောစိတ်ကိုထိမ်းပြီး လင်းမူ စကားစပြောသည်။
.
"ကျွန်တော့်ကို အရမ်းချစ်တာ .. မတော့ သေတော့မတတ်ပဲလေ"
"ဘာ .. ဘယ်လို"
.
" လမ်းက ဖြောင့်တယ် ... အချစ်က မစစ်တာ"
"ဘာ .. .. အချစ် မစစ်ရင် ဘာကိစ္စ စကားလိုက်ပြောနေတာလဲ "
..
"မ ဘဝကတော့ လမ်းဘေးကခွေးအိုကြီးလိုပါပဲ .. ကျွန်တော့်ကိုမှ မရရင်"
" တောက် .. ဒီကောင် ငါ့ကို ...သက်သက်လာစော်ကားနေတာ"
..
"ငါဟာ ယောက်ကျားရှိတဲ့ .. မာနတစ်ယောက် "
....
"ကဲဟာ .. န, ချင်အုံး .. န, ချင် အုံး ..ရှိဦး ဟဲ့ ယောက်ကျား.. " ဖြန်း ... ဖြန်း....
"ရည်းစားစကားပြောတော့မလား .. ပြောတော့မလားနဲ့
အထာပေးပြီး .. စောင့်ပေးနေရတာတောင် မတန်တဲ့ကောင် တစ်သက်လုံး FA လုပ်တော့ "
..
လင်း မူ .ပါးလေးပွတ်ပြီးကျန်ခဲ့ချိန်မှာ တော့ ...သရ ဖီက ရုံး ဖိုင်တွဲလေးကိုင်ပြီး ဆင်မယာဥ်သာခြေလှမ်းမျိုးနဲ့ ဆက်တောက်ဆက်တောက် ဘောက်ဆက် ဘောက်ဆက် .. ဆက်ထွက်သွားချေပြီ ...
သြော် ... ဘဝ ဘဝ ... လင်းမူ ဘဝ ..
..
..
"ငါပြန်လာမယ်လို့ ... နင်ထင်နေတာလား ... "..
အချိန်ကိုက်ဆိုသလို ထီလှည်းကလေးဆီက
အသည်းကွဲ သီချင်းလေးက လည်း လင်းမူ အဖြစ်ကို ကြိုမြင်နေသလိုလို ... သြော် ..
..
..
 

Two Sister

May 11, 2016
ကမ္ဘာပေါ်မှာ ရယ်စရာ အကောင်းဆုံးဖြစ်ရပ်တခုဖြစ်ခဲ့ဘူးတယ်.......သူ့ကိုမြင်တာနဲ့လူတိုင်းရယ်ကြတယ်..
ဘာကြောင့်လဲဆိုတော့...သူက..အခေါင်းတလုံးထမ်းပြီးကမ္ဘာပတ်ခဲ့လို့ပဲ.....
အရမ်းချစ်ကြတဲ့ညီအမနှစ်ယောက်ရှိခဲ့ဖူးတယ်....မိဘတွေမရှိတဲ့နောက်မှာ သူတို့ညီအမ ကုန်စုံဆိုင်လေးဖွင့်ခဲ့တယ်.....
သူတို့အောင်မြင်ခဲ့တယ်.....မကြာခင်မှာပဲကြွယ်ဝချမ်းသာလာတယ်......
ညီမဖြစ်သူကပြောတယ်....'အမရယ် ပိုက်ဆံ ကကျွန်မတို့အတွက်အရေးတကြီးမလိုအပ်တော့ပါဘူး....ကမ္ဘာပတ်ခရီးထွက်ကြရအောင်'လို့.....
အစ်မက လက်မခံဘူး......ပိုက်ဆံ ကငယ်တုန်းရှာရတာ..
ခရီးထွက်တာကအချိန်ရှိပါသေးတယ်....နောက်နှစ်မှသွားရအောင်ပါ' တဲ့.....
နောက်နှစ်ကြတော့လည်းဒီတိုင်းပဲတဲ့......
ွှနှစ်အနည်းငယ်ကြာပြီးနောက်တော့ ညီမဖြစ်သူသေဆုံးသွားခဲ့တယ်.......အစ်မဖြစ်သူက ညီမဖြစ်သူရဲ့အခေါင်းကိုထမ်းပြီးကမ္ဘာကိုပတ်ခဲ့တယ်......
ဆိုင်ကိုရောင်းပစ်လိုက်တယ်......အခေါင်းကိုလေယာဉ်ပေါ်တင်ဖို့ပိုက်ဆံတွေဘုန်းဘောလအောသုံးပြစ်ခဲ့တယ်......
ကမ္ဘာတစ်ပတ်ခရီးစဉ်အပြီးမှာတော့ ညီမလေး ရဲ့အလောင်းကို သူ့နိုင်ငံသူပြန်ပြီးကောင်းစွာမြှုတ်နှံသဂြိုလ်ခဲ့တယ်.......
.......
.......
........
ကမ္ဘာပေါ်မှာ ရယ်စရာ အကောင်းဆုံးဖြစ်ရပ်တခုဖြစ်ခဲ့ဘူးတယ်.......သူ့ကိုမြင်တာနဲ့လူတိုင်းရယ်ကြတယ်..
ဘာကြောင့်လဲဆိုတော့...သူက..အခေါင်းတလုံးထမ်းပြီးကမ္ဘာပတ်ခဲ့လို့ပဲ.....
 

IQ and EQ

May 11, 2016
တခါကမူလတန်းကျောင်းတစ်ကျောင်းမှာစမ်းသပ်မှုတခုလုပ်ကြတယ်.ဆရာကကျောင်းသားကျောင်းသူတွေကိုပြောတယ်...အခုသားတို့သမီးတို့ကိုအရသာရှိတဲ့ချောကလက်တခုစီပေးထားပြီးပြီ....တကယ်လို့ဆရာပြန်လာတဲ့အထိမစားပဲစောင့်နိုင်တဲ့သူရှိရင်နောက်ထပ်ချောကလက်တခုထပ်ပေးဦးမယ်..ပြောပြီးပြီးချင်းပဲဆရာအပြင်ကိုထွက်သွားခဲ့တယ်..ဆရာအပြင်ထွက်သွားပြီးနောက် ကလေးတချို့ကချောကလက်ကိုချက်ချင်းဖောက်စားလိုက်ပေမယ့်ကလေးအများစုကတော့ ဆရာပြန်မှစားဖို့ဆုံးဖြတ်ကြတယ်.
အချိန်တွေကုန်လွန်ပြီးနောက်မှာတော့တချို့ကလေးတွေဟာမနေနိုင်ကြတော့ပဲဖောက်စားလိုက်မိကြပြန်တယ်....တချို့ကလည်း ချောကလက်ကိုကြည့်ရင်းငိုကြတယ်.တချို့ကအောင့်အီးသည်းခံရင်းအိပ်ပျော်ကုန်ကြတယ်....ဘယ်လိုပဲဖြစ်ဖြစ်
အဲ့ဒီ အချိန်ကဆရာပြန်လာတဲ့အထိချောကလက်မစားပဲစောင့်နိုင်ခဲ့တဲ့သူတွေဟာသုတေသနစာရင်းဝင်သွားခဲ့ပြီးနှစ်ပေါင်းများစွာစောင့်ကြည့်ခြင်းခံခဲ့ရပါတော့တယ်...
နှစ်ပေါင်းများစွာကြာမြင့်တဲ့ဒီသုတေသန အပြီးမှာတော့.......ပညာရှင်တွေအတွက်အြံ့သလောက်စရာအဖြေတစ်ခုကိုရှာဖွေယူဆောင်ပေးခဲ့ပါတယ်.ပညာရှင်တွေဟာ
Intelligence quotient (IQ) လို့ခေါ်တဲ့ဉာဏ်ရည်ညွှန်းကိန်းမြင့်မားသူတွေဟာ လောကမှာအရာရာအောင်မြင်မယ့်လူသားတွေဖြစ်လာလိမ့်မယ်လို့ကနဦးအစမှာယူဆထားကြပေမယ့်.ဒီစမ်းသပ်ချက်မှာတော့ Emotional quotient (EQ) လို့ခေါ်တဲ့ စိတ်ခံစားချက်ကိုယ်ကျင့်တရားထိန်းချုပ်နိုင်စွမ်း ,မြင့်မားသူတွေသာတကယ့်လက်တွေ့ဘဝမှာအောင်မြင်သူတွေဖြစ်လာကြတယ်ဆိုတာလက်တွေ့လက်ခံလိုက်ရလို့ပါပဲ....
မူလတန်းကျောင်း
စမ်းသပ်မှုမှာ ကလေးတွေရဲ့စိတ်ခံစားမှုထိမ်းချုပ်နိုင်စွမ်းကိုစမ်းသပ်ခဲ့တာဖြစ်ပြီး...အဲ့ဒီ ကလေးတွေဟာ တကယ့်ကိုပဲအောင်မြင်သူတွေ ,company ပိုင်ရှင်တွေ,လူထုအားပေးတဲ့နိုင်ငံရေးအကျော်အမော်တွေဖြစ်လာခဲ့ကြတာတွေ့ရလို့ပါပဲ.. ... ဒီနေရာမှာရှင်းပြချင်တာက လူတိုင်းရဲ့ကိုယ်ရည်ကိုယ်သွေးကိုတိုင်းတာဖို့ IQ နဲ့ EQ ဆိုတဲ့စံနှုန်းနှစ်ရပ်ရှိပါတယ်.IQကဥာဏ်ရည်ဥာဏ်သွေးကိုဆိုလိုပြီး EQ ကတော့ခံစားမှုအပေါ်တုန့်ပြန်တဲ့အရည်အသွေးကိုဆိုလိုပါတယ်.လူတိုင်းက IQ မြင့်ချင်ကြတယ် .IQမြင့်တာကိုဂုဏ်ယူတယ်.ဒါပေမယ့် EQ ကိုတော့သူတို့သတိမေ့နေတတ်ကြပါတယ်. IQ ကောင်းတဲ့သူဟာ Company မှာလခအကောင်းဆုံးနဲ့အကြီးဆုံးရာထူးကိုရနိုင်ပါတယ်..ဒါပေမယ့် EQ ကောင်းသူကတော့ Company ပိုင်ရှင်ထိဖြစ်နိုင်ပါတယ်တဲ့.... IQ ဟာမွေးရာပါဗီဇကိုအခြေခံတာဖြစ်လို့ , IQ နိမ့်သူတယောက်က IQ မြင့်လာအောင်လေ့ကျင့်ဖို့ခက်ခဲပေမယ့် EQ နိမ့်သူတယောက်က EQ မြင့်လာအောင် လေ့ကျင့်ဖို့ကတော့အများကြီးလွယ်ကူလှပါသတဲ့လေ....
အစကတော့ IQ ကနံပါတ်တစ်အရေးကြီးပြီး EQ ကနံပါတ်နှစ်နေရာသတ်မှတ်ထားခဲ့တာပါ.ဒီစမ်းသပ်မှုမှာတော့ EQ ကနံပါတ်တစ်ဆိုတာပညာရှင်တွေသိမြင်လာကြပါတယ်.
တန်ဖိုးအရှိဆုံးအရာတွေဟာကိုယ့်ရဲ့လက်တကမ်းမှာပဲရှိနေတယ်ဆိုတဲ့စကားလေးဟာကျွန်တော်တို့အတွက်မှန်လွန်းပါတယ်.သူငယ်ချင်း တွေအားလုံးကိုလည်း IQ အရည်အသွေးထက် EQ အရည်အသွေးကိုပိုပြီးဂရုစိုက်စေချင်ပါတယ်.
ဘဝအခက်အခဲတွေဘယ်လောက်ရှိရှိ ကျော်လွှားထိုးထွက်အောင်မြင်အောင်စွမ်းဆောင်သွားနိုင်သူတွေဟာ EQ ညွှန်းကိန်းမြင့်မားသူတွေပဲဖြစ်ပါတယ်.IQ သမားတွေမဟုတ်ပါဘူး.EQ မြင့်တဲ့နိုင်ငံတွေဟာ ကမ္ဘာ့နံပါတ်တစ်ဖြစ်ယုံမက စိတ်ချမ်းသာကိုယ်ချမ်းသာ နေရတာကိုလည်းရောက်ဖူးသူတိုင်းကိုယ်တွေ့သိပြီးဖြစ်ပါလိမ့်မယ်.ပြီးတော့ EQ ဟာလေ့ကျင့်သင်ယူနိုင်တဲ့အရာမျိုးဆိုတော့လည်းအတိုင်းထက်အလွန်ပေါ့........
ကဲ...သူငယ်ချင်း......
 

Pentoral Box

May 11, 2016
လူပြည်နဲ့ နတ်ပြည်က ခုလိုမကွဲပြားသေးဘူးတဲ့...
လူတွေနေတဲ့နေရာကိုနတ်တွေက ဝင်ပြီးစွက်ဖက်ခြယ်လှယ်ကြသတဲ့....
အဲ့ဒီမှာ နတ်ကောင်းကြီးနဲ့နတ်ဆိုးကြီးဆိုပြီးရှိသတဲ့...
နတ်ကောင်းကြီးကကောင်းတာတွေလုပ်ပြီးနတ်ဆိုးကြီးကတော့ဆိုးတာတွေလုပ်သတဲ့...
နတ်ဆိုးကြီးကရောဂါကိုဖန်ဆင်းတော့လူတွေရောဂါတွေဖြစ်ရော.....
နတ်ကောင်းကြီးကဆေးဝါးကိုပြန်ဖန်ဆင်းပေးလိုက်တော့လူတွေပြန်ကောင်းသွားကြပြန်ရော....
နတ်ဆိုးကြီးက အမုန်းတွေတွေလူ့လောကထဲလွှတ်လိုက်ရော...
နတ်ကောင်းကြီးက အချစ်တွေဖန်ဆင်းပြီးလွှတ်လိုက်ပြန်ရောတဲ့......
အဲ့တော့ သူတို့နှစ်ယောက်က လည်းဘလိုမှမတည့်ကြဘူးတဲ့....
ဖြစ်ချင်တော့နတ်ကောင်းကြီးရဲ့သားနဲ့နတ်ဆိုးကြီးရဲ့သမီးနဲ့ကချစ်သွားကြရောတဲ့...
သူတို့လည်း လူတွေလိုပဲ မိဘသဘောမတူတော့ခိုးပြေးကြရောတဲ့......
မတတ်သာတော့ လူကြီးတွေ .. အဲလေ နတ်ကြီးတွေလဲ မင်္ဂလာ ပွဲလုပ်ပေးရတာပေါ့လေ..
အဲ့ပွဲမှာ နတ်ဆိုးကြီးကသေတ္တာတလုံးလက်ဖွဲ့သတဲ့...
နတ်ကောင်းကြီးကတော့ အဲ့သေတ္တာထဲကောင်းတာတခုမှမရှိဘူးလို့သိထားတော့ သော့ခလောက်တခုလက်ဖွဲ့သတဲ့......
ပြီးတော့အဲ့ သေတ္တာ ကိုအမြဲခတ်ထားဖို့လည်းမှာသတဲ့..
ချစ်သူနှစ်ဦးဟာ..အရမ်းကိုပျော်ရွှင်ကြတာပေါ့ကွယ်...
ဒါပေမယ့် သော့ခတ်ထားတဲ့သေတ္တာထဲ ဘာရှိနေသလဲဆိုတာကိုလည်းသူတို့သိချင်နေတာပေါ့ကွယ်...
အဲ့သေတ္တာလေးကိုတော့ ပင်တိုရယ် ဘောက်စ်လိုခေါ်သတဲ့.....
နတ်သားလေးကအဖေ့စကားကိုနားထောင်ပြီးဖွင့်မကြည့်ခဲ့ဘူးတဲ့...နတ်သမီးလေး ကဖွင့်ကြည့်ရအောင်လို့ပြောတိုင်းလည်းတား..သတဲ့......
ဒါပေမယ့် မနေနိုင်တော့တဲ့နတ်သမီးလေးဟာတရက်မှာတော့နတ်သားလေးမရှိခိုက် ခဏလေးပဲဖြစ်ဖြစ်ဖွင့်ကြည့်မယ်ဆို စိတ်ကူးပြီးဖွင့်ကြည့်မိရောတဲ့...
နတ်သားလေးကပြန်ရောက်လာချိန်နဲ့ကြုံတော့ ချက်ချင်းပဲမဖွင့်နဲ့ဆိုပြီးသေတ္တာကိုအပြေးလေးပိတ်လိုက်တယ်တဲ့
..
ဒါပေမယ့် မရတော့ပါဘူး..
သေတ္တာ ကိုဖွင့်လိုက်တယ်ဆိုရင်ပဲ နတ်ဆိုးကြီးထည့်ထားတဲ့ မျက်ရည်. အမုန်း.ကွေကွင်းရခြင်း.ကြေကွဲမှု.နောင်တ.အလွမ်း.စတဲ့ အကောင်ဆိုးတွေဟာလွတ်ပြီးလူ့လောကထဲရောက်ကုန်ပါလေရောတဲ့....
အဲ့ဒီ မတိုင်ခင်ကတော့လူ့လောကထဲမှာ မျက်ရည်...နောင်တ..စတဲ့ခံစားချက်တွေဟာမရှိဘူးတဲ့..ပျော်စရာကြီးနော်...
အဲ... ဒါပေမယ့်.. ...နတ်သားလေးရဲ့လျှင်မြန်မှုကြောင့်အကောင်လေးတကောင်ဟာတော့ သေတ္တာ ထဲကျန်ရစ်ခဲ့သတဲ့....
အဲ့ကျန်ရစ်ခဲ့တဲ့တကောင်ကြောင့်ပဲလူ့လောကကြီးဟာပျက်စီးမသွားပဲပုံမှန်နေခွင့်ရသွားသတဲ့ကွယ်....
အဲ့အကောင်လေးနာမည်က "မျှော်လင့်ချက်တဲ့"...
မျှော်လင့်ချက်မဲ့ရင်အရာရာဟာပျက်စီးသွားရသတဲ့....
ဒါပေမယ့် မျှော်လင့်ချက်ကြောင့်ပဲ အရာရာကိုတောင့်ခံ,တင်းခံလာနိုင်ကြရသတဲ့ကွယ်....
မုန်းနေတဲ့သူလည်းတချိန်မှာတော့ပြန်ချစ်လာနိုင်ပါသေးတယ်ဆိုတဲ့မျှော်လင့်ချက်.....
ငိုနေတဲ့သူလည်းတချိန်တော့မျက်ရည်တွေသုတ်ပြီးရယ်မောလာလိမ့်ဦးမယ်ဆိုတဲ့မျှော်လင့်ချက်.....
ကျွန်တော် တို့အားလုံး မျှော်လင့်ချက်ကြောင့်ပဲ ရှင်သန်နေရတာမဟုတ်လား??
ကျွန်တော် တို့အားလုံး အဲ့ဒီမျှော်လင့်ချက်ဆိုတာလေးကြောင့်ပဲဆက်လက် ရှင်သန်နေရတာမဟုတ်လား??
..........
...........
 

ပုံပြင်လေးတစ်ပုဒ်ပြောပြမယ်....

May 11, 2016
ပုံပြင်လေးတစ်ပုဒ်ပြောပြမယ်....
..
..
..
..
တခါက..စိမ်းလန်းလှပတဲ့သစ်ပင်ကြီးတစ်ပင်ရှိသတဲ့.အဲ့အပင်ကြီးမှာပဲသစ်ရွက်ကလေးတွေလည်းအများကြီးပဲရှိသတဲ့.'မေရီ'နဲ့'ဂျွန်'ဆိုတဲ့သစ်ရွက်လေးနှစ်ရွက်ကတော့အရမ်းကိုချစ်ကြတဲ့သစ်ရွက်လေးနှစ်ရွက်ပေါ့ကွယ်.သူတို့ရဲ့လက်တံသေးသေးလေးနဲ့သစ်ခက်ပင်စည်ကိုအလယ်ထားပြီးဟိုဘက်ဒီဘက်မခွဲတမ်းလက်တွေခိုင်ခိုင်တွဲထားကြပါသတဲ့.တောင်လေတိုက်ချိန်ဆို 'ဂျွန်'ကလေနဲ့အတူမေရီကိုအလစ်ဝင်ပြီးနမ်းတတ်ပါသေးသတဲ့.မေရီကစိတ်ကောက်ချင်ယောင်ဆောင်ရပေမယ့်တကယ်တမ်းတော့အရမ်းကိုကျေနပ်နေတာပေါ့.မနေနိုင်တော့တဲ့ဂျွန်ကပြန်ပြီးတောင်းပန်တော့မေရီကမိန်းချလးပီပီခဏတော့မူနေသေးတာပေါ့.ပြီးမှမြောက်လေတိုက်တာနဲ့ရောချပြီး'ဂျွန်'ကိုအားရပါးရပြန်နမ်းပလိုက်ရောတဲ့..သူတို့ကအချစ်ဆုံးသစ်ရွက်လေးနှစ်ရွက်ပေါ့ကွယ်.သစ်ခက်ပေါ်ကို ငှက်မောင်နှံတစ်စုံလာနားကြတယ်.ငှက်ကလေးတွေကိုကြည့်ပြီးမေရီအားကျတယ်...ဂျွန်ကသူ့လက်သေးသေးလေးနဲ့ဆုပ်ထားပြီးနှစ်သိမ့်တယ်..တို့အချစ်ကဖြူစင်မြင့်မြတ်ပါတယ်လို့...ဒါပေမယ့် ငှက်ကလေးတွေရဲ့လွတ်လပ်မှုကိုမေရီအားကျနေတာလည်းဂျွန်သိတယ်..
ဟော......အခုဆိုငှက်သိုက်လေးတခုနဲ့ငှက်ဥလေးသုံးလုံးတောင်ဖြစ်နေခဲ့ပြီ.....နောက်ဘဝဆိုတာရှိရင်ငှက်မောင်နှံလုပ်ကြမယ်နော်လို့မေရီပြောတော့ဂျွန်ကတိတ်ဆိတ်စွာပဲကတိပေးခဲ့သည်.ဘုရားသခင် ဆီအတူတူဆုတောင်းခဲ့ကြသည်..ဘာပဲဖစ်ဖြစ်သစ်ရွက်လေးနှစ်ရွက်ပျော်ရွှင်ကြပါသည်...အခုတော့ မေရီစိတ်ပူတတ်လာပြီ...ကျွန်မက အရင်ကလိုစိမ်းစိမ်းနုနုလေးမဟုတ်တော့ဘူး၊တဖြည်းဖြည်းဝါဝါလာပြီဆိုတော့ ရှင်ကျွန်မကိုမချစ်တော့ဘူးမဟုတ်လားလို့မေးတော့ ..ဂျွန်မျက်ရည်မကျမိအောင်ထိမ်းရင်းဖြေရသည်..မဟုတ်ပါဘူး..အစိမ်းရောင်ကပျိုမြစ်တဲ့အချစ်ဆိုရင်အဝါရောင်ကရင့်ကျတ်ပြီးလေးနက်တဲ့အချစ်လို့ထင်တယ်....အဝါရောင်လေးနဲ့မင်းဟာငါ့အမြင်ပိုလို့တောင်ကျက်သရေရှိရှိလှပါသေးတယ် လို့..မေရီအရမ်းကိုကျေနပ်သွားတယ်လေ..တခါတခါ မေရီကအဲ့လိုပဲအတွေးပေါက်ရာထ ထမေးတတ်သေးတယ်....တဖြည်းဖြည်းနဲ့ဆောင်းဦးပေါက်ကိုရောက်လာပြီ...သစ်ရွက်လေးတွေတဖြုတ်ဖြုတ်နဲ့သစ်ပင်ကြီးပေါ်ကနေ..မြေပေါ်ကိုခုန်ဆင်းကြွေကျရတဲ့အချိန်ကိုရောက်ခဲ့ပြီ.....တချိန်ကအရွက်တွေဝေခဲ့တဲ့သစ်ပင်ကြီးဟာခုဆိုရိုးတံကျဲကျဲပဲကျန်ရစ်တော့တယ်လေ...
ရိုးတံကျဲကျဲအပင်ကြီးမှာဆိုခုထိ မကြွေကျသေးပဲကျန်နေသေးတဲ့သစ်ရွက်လေးနှစ်ရွက်လည်းရှိနေပါသတဲ့..အဲ့ဒါ ကဂျွန်နဲ့မေရီပေါ့..ဒါပေမယ့် သူတို့ရဲ့လက်တွေအရင်လိုမသန်မာတော့ပါဘူး..ညဘက်လေတွေတိုက်ရင်တယောက်ကိုတယောက်အားပေးကြပြီးမနက်ပြန်တွေ့သေးရင်တော့ဝမ်းသာရတဲ့အချိန်တွေထိရောက်လာခဲ့ပြီ...ရှင်ကျွန်မကိုထားပြီးအရင်ထွက်မသွားပါနဲ့လို့ 'မေရီ'ပြောရင် ငါမင်းကိုဘယ်တော့မှထားမသွားပါဘူးလို့'သူ'ကပြန်ပြောတယ်.ဒါပေမယ့် သူကိုယ်တိုင်လည်းအရင်ထွက်သွားဖြစ်မလားတွေးကြောက်နေရသူပါ.မကြာခင်မှာပဲ...လေတွေတဗျင်းဗျင်းတိုက်ခတ်လာပြန်တယ်...'ဂျွန်ရေ...ဂျွန်...ကျွန်မလက်ကိုကိုင်ထားပါဦး.ကျွန်မကြောက်တယ်'.....ဆိုတော့...'ငါရှိတယ်....မင်းလက်ကိုငါမလွှတ်ဘူး...'....လို့ဂျွန်ပြန်အော်တယ်.....
သစ်ကိုင်းလေးကတဖျတ်ဖျတ်ခါလူးလွန့်နေတယ်....
ခုချိန်မှာတော့ရွက်ညှာကမခိုင်တော့.'ကျွန်မမနေရတော့ဘူး...လက်တွေကပြုတ်ချင်လွန်းလို့အံသေနေပြီ.နောင်ဘဝဆိုတာရှိရင်ကျွန်မတို့ငှက်မောင်နှံလုပ်ကြရအောင်နော်'လို့သူမ.ပြောတယ်... လေတချက်အဝေ့မှာအဲ့ဒီလေနဲ့အတူ သူမရဲ့သစ်ကိုင်းလေးကိုရော သူမချစ်တဲ့သူ့ကိုရော.........သူမစွန့်ခွာသွားတော့တယ်.... 'မေရီ.. ..... ..'
..
...ဂျွန်မျက်ရည်များနဲ့အတူအာခေါင်ခြစ်သံကုန်အော်ခေါ်လိုက်မိတယ်...သူမ.မကြားနိုင်တော့....
ဘယ်တော့မှမခွဲဘူးဆိုတဲ့သူမ..ပထမဆုံးအကြိမ်နဲ့နောက်ဆုံးအကြိမ်အဖြစ်လေနဲ့အတူနှုတ်ဆက်ထွက်ခွာသွားခဲ့ပြီလေ...
သူရော.........
လေရူးတချက်အဝှေ့မှာတော့သူလည်းပဲလက်ကိုလွှတ်လို့သစ်ကိုင်းလေးကိုစွန့်ခွာခုန်ဆင်းလိုက်တော့တယ်.....အမြင်ဟာမှောင်အတိ....ငြိမ်သက်...... အရာရာဟာသဘာဝလောကကြီးရဲ့စေစားရာအတိုင်း........
 

Saturday Night

May 11, 2016
 

The time is nearly 11:00 pm. Today, I was left in my hostel because all my friends went to “ Inn Daw Gyi Lake Pagoda Festival.” Before they went, I had been included in the trip plan. But there were too many people for the trip so I was left from the plan. Anyhow, now I’m in my hostel, drinking a bottle of beer, and browsing Facebook on my smartphone.

My Hostel is on the big ground area, nearly 250 square feet, and a big fence surrounds it. There are many big trees in the yard. When the wind blew strongly, the leaves make creaky sounds I heard that my hostel area, Tat Gone Qtr. Tat Gone Qtr., was a great cemetery three years ago. Nobody dares to pass the place former Kachin men have seen devils in this land at night. Some have enormous bodies, big red eyes, and long tongues. It is really scary.

Suddenly, Our city power was cut and everything went dark. At that time, I heard roaring of the street dogs and I smelled a putrefying smell. The hair on my skin bristled and I felt creepy, but I don’t know why. I know I’m not easy to scare; but this time, I acknowledged that I was really scared. Then I heard the sound of a girl. It sounded like crying. It seemed to be occurring in front of my hostel. I opened my phone torchlight and checked in front of my hostel.

I saw that a young pretty lady was crying. She was crying very sadly. I was struck by her sadness. I was sure that something was really wrong because the hostel was only for men and there are neither girls nor women here. My heart was beating faster and faster. I asked her nervously, “Who are you? And what do you want?”

She disappeared suddenly before my eyes. It was a fleeting moment. I felt very cold and extremely frightened now. Then, the girl reappeared and straddled my shoulders. She started squeezing my neck with her cold hands. I shouted, but my voice disappeared within my neck. I tried to fight her, but it was fruitless. I couldn’t stand and I was laying on the ground. I tried to call the 199 emergency police number, but my phone didn’t work. I realized that nobody could help me at that time. Was I going to die? I felt my neck being squeezed harder and harder. I was breathless. I couldn’t breathe normally. My fear was coming from inside of my soul. Suddenly, I remembered my religion and I made an incantation in my mind. The next thing I knew, I was falling into an endless hole.

When I woke up, the sun was shining on my head. I was in my bed and everything was fine. I was not sure whether I had nightmare. My mobile phone was on my bedside table. But when I looked at myself in the mirror, I saw hand marks on my neck. Oh! It really, happened yesterday! I don’t want to tell any of my friends about this because they won’t believe me. They think this is all a ridiculous joke. But I’m certain that I will move to another hostel even if they try to prevent me.

 

                                          

 

About Me


aung aung Web နည်းပညာကို လေ့လာလိုက်စားသူ Freelance Developer တစ်ဦး ။ စိတ်ပါလျှင်ကဗျာတွေစာတွေလည်းရေးတတ်သူ။

Make a free website with Yola