ဖူးစာဆိုတာ

March 25, 2016


 

နာမည်ကျော် ဂျာမန် ဂီတဆရာကြီး မင်ဒဲလ်ဇွန်း၏ အဘိုးဖြစ်သူ မိုးဇက်မင်ဒဲလ်ဇွန်းဟာတကယ်ပဲ အလွန်အရုပ်ဆိုး

အကျည်းတန်သူ တစ်ယောက်ဖြစ်ခဲ့တယ်။ လူက အရပ်ပုတဲ့အပြင် ကျောမှာ ဘုကြီးတစ်ခုရှိပြီး ခါးကုန်းနေပြန်သေးတယ် ။

သူ့ရဲ့ဇာတ်လမ်းလေးကစိတ်ဝင်စားစရာကောင်းလို့ သူငယ်ချင်းတွေဆီ မျှဝေပေးလိုက်ပါတယ် ။

သူငယ်ချင်းတို့လည်း အချစ်ကိုရှာဖွေတွေ့ရှိကြပါစေလို့ ။

 

တစ်နေ့မှာတော့ ဟမ်းဘွတ်မြို့ရှိ ကုန်သည်ကြီး ထံ သူအလည်ရောက်ခဲ့တယ်။ ကုန်သည်ကြီးမှာ ဖရွမ်တီယဲ ဆိုတဲ့ သမီးချောလေး တစ်ယောက်ရှိတယ် ။

 သူကလေးကို မြင်မိတော့ မိုးဇက် တစ်ယောက်အရူးအမူး ချစ်မိသွားခဲ့တယ်။ ဒါပေမယ့် ဖရွမ်တီယဲ အဖို့တော့ သူ့ရုပ်ကို မြင်ရတာကကို အော်ဂလီဆန်ချင်စရာ။

 

ဘာပဲဖြစ်ဖြစ်  ပြန်ခါနီး အချိန်မှာတော့ ချစ်မိတဲ့မိုးဇက် အားတင်းကာ အပေါ်ထပ်က သူမအခန်းဆီကို တက်သွားပြီး စကားပြောခွင့်လေးရဖို့ကြိုးစားတော့တယ်။

သူမရဲ့ ရုပ်သွင်က ကောင်းကင်ဘုံက နတ်မိမယ် ပမာ တင့်တယ်လွန်းနေတယ်။ ဒါပေမယ့် သူမ မျက်လွှာတစ်ချက် ပင့် မျှ မကြည့်။ ရွံလို့ ။

 

သူ့ရင်ထဲ ကြေကွဲလျက်နဲ့ပဲ မိုးဇက် အကြိမ်ကြိမ် စကား စ ကြည့်တယ်။ မရ။

 

နောက်တော့ ရှက်ရွံ့ စွာနဲ့ပဲ သူ စကားတစ်ခွန်း ဆိုပြောတယ် ။

 

“အိမ်ထောင်ဖက်ဆိုတာ ကောင်းကင်ဘုံက ရွေးချယ်ပေးလိုက်တဲ့ အတိုင်း ဖြစ်ရတယ် ဆိုတဲ့စကား မင်းယုံသလားဟင်” ဒီလို သူမေးတော့

 

“ယုံတယ်..ရှင်ကော”တဲ့။ သူမက ခေါင်းငုံ့လျက်နဲ့ပဲ ပြန်ပြောတယ်။

 

“ကိုယ်လဲ သိပ်ယုံကြည်တာပေါ့” ဟုသူက ဆိုလိုက်တယ်။

 

မိုးဇက်မျက်ဝန်းတွေကရီဝေနေတယ် ။ အတိတ်တစ်နေရာကို ဒါမှမဟုတ် တစ်ခြားဘ၀တစ်ခုကိုပြန်မြင်နေရသလိုလို ။ သူစကားကိုပြန်ဆက်တယ် ။

 “ဒီမှာ ကိုယ်ပြောပြမယ်၊ ယောက်ျားလေးတစ်ယောက် လူ့ပြည်ကို မွေးဖွားရောက်ရှိတော့မဲ့ အခါတိုင်း လူ့ပြည်မှာ သူနဲ့ ထိမ်းမြားရမဲ့ မိန်းကလေးဟာ

ဘယ်သူပဲ ဘယ်ဝါ ပဲ လို့ ကြေငြာပေးလေ့ရှိတယ်၊ ကိုယ့်ကို မွေးလာမဲ့ အချိန် ကိုယ်နဲ့လက်ထပ်ရမဲ့ မိန်းကလေးကို ပြပြီး ဘုရားသခင်က ပြောတယ်။

မိုးဇက် မင်းရဲ့ ဇနီးသည်ကတော့ ကျောမှာ ဘုတစ်ခုနဲ့ ခါးကုန်းမလေး ဖြစ်နေရှာတယ် တဲ့။ အဲဒီတော့ ကိုယ်က ပြောလိုက်တယ်။

မိန်းကလေးတစ်ယောက်အဖို့ ကျောမှာ ဘုနဲ့ ခါးကုန်းမလေး ဖြစ်ရရှာမယ်ဆိုရင် သိပ်ကို ကြေကွဲ ၀မ်းနည်းစရာပါ၊ ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင် အဲဒါတွေကို

ကျွန်တော်မျိုးရဲ့ ကိုယ်ထဲ ထည့်ပေးလိုက်ပါ၊ သူ့ကို ချောမောလှပတဲ့ မိန်းကလေး ဖြစ်အောင်သာ ဖန်တီးပေးတော်မူပါ လို့ ကိုယ် ပန်ကြားခဲ့တယ် ”

 

သည်စကားကြားတော့ ဖရွမ်တီယဲ မျက်လွှာလေး ပင့်ကြည့်တယ် ။ သူမအာရုံထဲတွင် ရှေးအတိတ်က တွေ့ခဲ့ဖူးသည့် မိုးဇက်၏ ရုပ်သွင်ကို ပြန်လည် အမှတ်ရ သလို မြင်လာတယ် ။

မိုးဇက်ထံ သူမ၏ လက်ကို ဆန့်ပေးလိုက်မိတော့တယ် ။ အဲဒီနောက်မှာတော့  ခင်ပွန်းသည် အား တကယ်ပင် ချစ်ခင်စုံမက်သည့် ထာဝရကြင်ဖက် ဖြစ်သွားခဲ့တော့တယ် ။

 

သူငယ်ချင်းတို့လည်း အချစ်ကိုရှာဖွေတွေ့ရိကြပါစေလို့။

 

မူရင်း =Barry and Joyce Vissell တို့၏ True Love ကို ဆရာဖေမြင့် ဘာသာပြန်ထားသည်။

(ဒီပုံပြင်လေး ကျွန်တော့် ဆီမွေးနေ့လက်ဆောင်အဖြစ်ပို့ပေးတဲ့ Thoe Phyusin ဆိုတဲ့ ကောင်မလေးကိုကျေးဇူးအထူး တင်ပါတယ် )

 

ငါးမုန့်ကြော်

October 27, 2015

-ငါပညတ်ဟူမူကား ငါသည်သင်တို့ ကိုချစ်သည့်နည်းတူ

သင်တို့သည် အချင်းချင်းချစ်ကြလော့ (ယောဟန် ၁၅း၁၂)

(၁)

 

သူမငါးမုန့်ကြော်ကြိုက်သည်။ ထို့ကြောင့် သူမအတွက်ငါးမုန့်ကြော်တစ်ထုပ်ဝင်ဝယ်ခဲ့သည်။

ဒီညနေခင်းလေးကတော်တော်လေးကိုလှပပါသည်။ ကောင်းကင်သည်ပုစွန်ဆီ

ရောင်သန်း၍နေလေပြီ။လမ်းများ နှင့် အိမ်တံစက်မြိတ် မှနေရောင်ခြည်ထိသည့်အပိုင်းနှင့်

ငှက်ပျောရွက်ဖားဖားများ နှင့် လမ်းမီးမဖွင့်တတ်သေးသည့် အပေါ်ဘက်ခြမ်းများတွင်ရွှေဝါရောင်အမှုန်များ

ကြဲဖြန့်ထားသည့်အလား စိုလက်လက်ကလေးနှင့်လိုက်ဖက်ညီ လှပနေလေသည်။

ထို့ကြောင့် ပင်ကမ္ဘာလောကကြီး ယနေ့ သာသာယာယာရှိနေသည့်ကြောင်းမည်သည့်

ထောက်ခံချက် တစ်စုံတစ်ရာမှ ပေးရန် မလိုအပ်တော့ ပါချေ။

ဂုံးကျော်တံတားလေးပေါ်မှလှမ်းကြည့်ဖြစ်တော့တံတားအောက်

ဘက်ဆီမှ မီးရထားသံလမ်းကိုလှမ်းမြင်နေရသည်။ ရပ်ထားသည် အနီရောင်ကုန်တင်တွဲကြီးသည် လည်း

၎င်းဖြတ်သန်းရာဘ၀ခရီး ၏အနီရောင်အမိုးများပေါ်မှရင့်ကျတ်တည်ငြိမ်မှုကို ပြသနေကြသကဲ့သို့ရှိသည်။

အရာရာသည်ညနေခင်းနေခြည်အောက်တွင်အသစ်တစ်ဖန် စိုလက်တောက်ပကြပြန်သည်။

မြစ်ဆိပ်ဘက်လှမ်းမျှော်ကြည့်မိမည်ဆိုလျှင် လှိုင်းကြက်ခွပ် ထိပ်ဖျားစွန်းလေးများပေါ်သို့ ယိမ်းကာနွဲ့ကာ

လှိုင်းစီးနေကြမည့် ညနေခင်းကိုတွေ့ရဦးမည်ဖြစ်သည်။ နေမင်းနီနီ သည် သူ၏ နောက်ဆုံးအချိန်ကို

တိုက်တွန်းမှုတစ်စုံတစ်ရာမပါပဲ အလှဆုံးဖန်ဆင်းဦးမည် သာဖြစ်လေသည်။

I chatter Chatter as I flow

to join the brimming river

for men may come and men may go

but I go on forever.........

 

ဒီကဗျာလေးထဲကလိုပဲ လူတစ်ချို့သွားနေကြသည် ။

တစ်ချို့က ပြန်လာကြသည် ။ ကိုယ့်ကိစ္စနှင့်ကိုယ် အရာရာ ပုံမှန်အတိုင်း အသက်ဝင်

ကြသည် ။မကြာခင်အမှောင်ဖုံးတော့မည်။ ညနေခင်းလေးလည်း မမြဲသည့်သဘောတွင်

ကွယ်ပျောက်သွားလိမ့်ဦးမည် ။

ယနေ့ အိမ်အပြန်လမ်းသည်လည်း ညနေခင်း နေခြည်အောက်တွင် လဲ့လဲ့လေး လှပနေလေသည်။

......................................................................

 

သူတို့နှုတ်တွင် သစ္စာမရှိပါ၊ သူတို့နှလုံးသည် အလွန် ဆိုးဝါး၏၊၊

သူတို့၏ လည်ချောင်းသည်ဖွင့်ထားသော င်္သချိုင်းတွင်းဖြစ်ပါ၏၊၊

သူတို့သည် လျှာနှင့်ချော့မော့တတ်ကြ၏။ (ဆာလံကျမ်း အခန်းကြီး၅း၉)

(၂)

 

ဖြူဖြူ ... ဖြူဖြူ ..

ကျွန်တော်ဖြူဖြူ့ကိုရှာမတွေ့ ။... ဖြူဖြူ .... ဖြူဖြူ

သူမကျွန်တော့်ကိုစွန့်ခွာသွားခဲ့သည်မှာသေချာသွားပြီ ။

နေရာတော်တော်များများတွင် ဖြူဖြူ့ကိုတွေ့မိသေးလားဟုမေးခဲ့ပြီးပြီ ။..

ကျွန်တော့်ကိုသာ စူးစမ်းသည့်အကြည့်များ ဖြင့်ပြန်ကြည့်ခြင်းကိုခံရသည်။

ညနေခင်းသည်ညနေခင်း ဖြစ်တည်စဉ်ခဏတွင်ကျန်ရစ်ခဲ့လေပြီ ။

ငါးမုန့်ကြော် ..... လက်ထဲတွင်သူမကြိုက်သည့်ငါးမုန့်ကြော်လေးသည်မပြောင်းမလဲ ... တည်ရှိသည် ။

ငါးမုန့်ကြော်လေးသည် သူ့အား ကိုက်ဝါးမည့်သူအပေါ် ချိုမြအရသာပေးစွမ်းရန် အသင့်။

ငါးမုန့်ကြော်လေးတွင်တိကျသောတန်ဖိုးသတ်မှတ်ချက်ရှိသည် ။

ဖြူဖြူ ရယ် ........................ ငါက ငါးမုန့်ကြော်လေးတစ်ထုပ်ပါပဲ ။

သူမ နှင့်စတင်တွေ့ဆုံရခြင်းသည် ပြဇာတ်မဆန်ခဲ့ပါ ။

ကျွန်တော်ညလယ်စာထွက်စားသည့်ည ကသူမသည် သူ့ခြေထောက်နှင့်သူ

ရောက်လာခဲ့ခြင်း ဖြစ်လေသည်။ အဲဒီည ကကျွန်တော် Capture ဖမ်းထားခဲ့သည်။

အိမ်တံခါးအဖွင့်တွင် ကျွန်တော့်အဖို့ထူးခြားသည့်အငွေ့အသက်ကိုစတင်ခံစားရသည်။

တစ်ခုခုထူးခြားနေပြီ ။ အနံ့တစ်မျိုးကိုရနေသည်။

ကျွန်တော်ခြေသံကိုဖော့လိုက်သည် ။ မီးဖိုခန်းထဲမှ ငါးသေတ္တာ ဟင်းအားတစ်စုံတစ်ယောက်ဖွင့်စားထားသည်။

သေချာပြီ ကျွန်တော်တစ်ယောက်တည်းမဟုတ်တော့ ။ရုတ်တရက်စဉ်းစားမရသဖြင့် နံရံထောင့်ရှိ

ဂစ်တာကိုယူသည် ။လိုအပ်လျှင်အားနှင့်လွှဲ ရိုက်ရန် ။..

Capture ဖမ်းထားခြင်းပြီးဆုံး၍ အခွေထွက်လာသည်။ကွန်ပျူတာမှ တီတီ မည်သည်။

သူမကိုရှာတွေ့ချိန်တွင်သူမသည် ကြောက်လွန်းသဖြင့်အသားများဆက်ဆက်တုန်နေလေသည် ။

ပြူးကျယ်ဝိုင်းစက်သောမျက်ဝန်းတစ်စုံသည် အလွန်အမင်းချစ်စရာကောင်းလှကြောင်း တစ်ကြိမ်တည်း

ဖြင့်သေချာစေခဲ့သည် ။ရွှေရုပ်လေးတစ်ရုပ်ကောက်ရသူလိုကိုယ့်ကိုယ်ကို ခံစားလိုက်ပြစ်လိုက်သည် ။

သူ - မဟုတ် ။.... သူမ ........။ ကျွန်တော့်တွင်ဒေါသများမရှိတော့ ..........

သူမဗိုက်ဆာလွန်းသဖြင့် ထမင်းခိုးစားထားခြင်းသာ ။

သေချာသည်မှာ ကျွန်တော်လည်းတစ်ယောက်တည်းသမားဖြစ်သလို သူမသည်လည်း အတူတူသာဖြစ်

ပေလိမ့်မည် ။ ကျွန်တော်တို့အကြားစကားလုံးများများစားစားမလိုလှပါ ။

ကျွန်တော်တို့အကြားဟန်ဆောင်မှုများလည်း မလိုအပ်လှပါ ။ ရိုးရိုးလေးပျော်စရာကောင်းပါသည်။

ထိုနေ့မှစ၍ကျွန်တော် တစ်ယောက်တည်းမဟုတ်တော့ ။

ကျွန်တော့်မွေးနေ့ တနင်္ဂနွေဖြစ်၍ အလုပ်မရှုပ်အောင်သူမကိုလည်းတနင်္ဂနွေဖြစ်စေခဲ့သည် ။

သူမသည်ဗိုက်ဆာသည့်ကိစ္စမှလွဲလျှင်ကျန်အရာအားလုံးအားဘာမှ

နားမလည်သောအဖြူရောင်စစ်စစ်ဖြစ်လေသည် ။

 

ဖြူဖြူ ... နင့်ကိုငါသီချင်းဆိုပြမယ် နားထောင်မလား ?

သူမခေါင်းငြိမ့်လိုက်သည်ဟုခံစားမိလိုက်သည် ။

သူမသည် ပီဘိ ကလေးငယ်တစ်ဦးသာဖြစ်လေသည်။

 

ဂစ်တာကြိုးပေါ် လက်ချောင်းငယ်များ သခင့်အလိုကျ ယဉ်ပါးစွာပြေးလွှားသည်။

လောကရဲ့ပင်လယ် ဒုက္ခလှိုင်းတွေထဲ ... ကလေးလေးတစ်ယောက်သူငိုနေ ....

ကြောက်ရွံ့စိတ်တွေဝင် နောက်လှည့်ပြေးမှာလား ..... ပြန်ထွက်မပြေးနဲ့ကလေးလေးရေ ။...

 

စွန့်ပစ်ရက်သူတွေ အမုန်းရဲ့မြားချက်များကလေးလေးတစ်ယောက်နာကျင်နေ

လမ်းမကြီးတွေအပေါ်လမ်းပျောက်ခဲ့ပြီလား ထွက်မပြေးနဲ့ ကလေးလေးရေ

 

လောကရဲ့ရင်ခွင်ရှားပါးမေတ္တာများ ကလေးလေးတစ်ယောက်ရှာဖွေနေ

ခုထိမတွေ့နိုင်ပါ စိတ်ပျက်သွားပြီလား ပြန်ထွက်မပြေးနဲ့ကလေးလေးရေ

 

သူမကိုလှမ်းကြည့်လိုက်တော့ ခွေခွေ ကလေးအိပ်နေပြီ ။...

ဖြူဖြူ .. နင့်ဘ၀လေးငြိမ်းချမ်းပါပြီဟာ ...

ခပ်တိုးတိုး ပြောမိသည် ။ ဂျူဗလီကောတာမှ အခွေများ အန်ကျလာသည် ။

ကျွန်တော် စက်ထဲ နောက်ထပ်အခွေဆယ်ခွေ ထပ်ထည့်ပြီးတစ်ကျော့ ပြန်စသည် ။

......................................................................

 

အို ဘုရားသခင်၊ အကျွန်ုပ်ကို စစ်ကြော၍၊ အကျွန်ုပ်၏ နှလုံးကို သိမှတ်တော်မူပါ။

စုံစမ်း၍ စိတ်အထင်များကိုလည်း သိမှတ်တော်မူပါ။ ဆိုးသောလမ်းသို့ အကျွန်ုပ်လိုက်သည်

မလိုက်သည်ကို ကြည့်ရှု၍၊ ထာဝရလမ်းထဲသို့ သွေးဆောင်တော်မူပါ။ (ဆာလံ ၁၃၉း၂၃-၂၄)

(၃)

 

ဖြူဖြူ ပြန်လာပါတော့ကွာ ။ ကျွန်တော်ခပ်တိုးတိုးရေရွတ်မိသည် ။

ငါးမုန့်ကြော်လေးများသည်စုစုပေါင်း လျှင် ဆယ့်ခြောက်ထုပ်ရှိနေပြီ ။

ဖြူဖြူ ပျောက်သွားသည်မှာ ဆယ့်ခြောက်ရက်ရှိချေပြီ ။.....

ချမ်းချမ်း အခွေထွက် သည့်ရက်ကညစဉ် အိပ်မရအောင်အလုပ်များခဲ့သော်လည်း

ကျွန်တော် ခံနိုင်ရည်ရှိခဲ့သည်။ ဖြူဖြူမရှိသည့် ရက်တွေမှာကျွန်တော့် 

ဘ၀ ခံနိုင်ရည်မဲ့ခဲ့သည် ။ အစကတည်းက နင်ငါနဲ့ မတွေ့ခဲ့သင့်ဘူး ဖြူဖြူ။

သူမသည် မဖိတ်ခေါ်ပဲရောက်လာသည့်ဧည့်သည်တစ်ဦးသာဖြစ်မှန်း

ကျွန်တော်သိခဲ့ဖို့ကောင်းသည် ။

ဂျွန်ဂိုအခွေတစ်ခွေ ကျွန်တော် စက်ထဲထည့်ထားသည်။

ဂျွန်ဂိုသည် နယ်ပရိတ်သတ်ကြိုက်သည့်မင်းသားတစ်လက်ဖြစ်သည်။

ကိုကျော်သီဟ အတွက်ကျွန်တော် အခွေ တစ်ရာကူးပေးရမည်ဖြစ်သည်။

ဖြူဖြူ ...... ရယ် ငါ့ဘ၀ ကဘာမှမဟုတ်ပါဘူး ဟာ ။..

အရင်ကဆို နင်ကဂျူဗလီကေတာ ကြီးကို ဘာကြီးမှန်းမသိပဲကိုင်ကြည့်တတ်တယ် နော်။

ဖြူဖြူ့ကိုမြင်ယောင်ရင်းတွေးမိသည် ။ ဂျူဗလီကေတာသည် ဘာကိုမှနားမလည်တတ်ပါ။

ဒါကြီးက အခွေကူးတဲ့စက်ကြီးလေ။ သိလား ?

သူမက လည်း ဘာဆိုဘာမှသိလိမ့်မည်မဟုတ်ပါ ။

ငါ့ဖာသာငါတော့ အကုသိုလ်အလုပ်လို့မထင်ပါဘူး ။အခွေလွတ်တစ်ချပ်မှ 94Ks ကျပ်ပဲရှိတာကို။

ဖြူဖြူက ကျွန်တော်ပြောတာ အားလုံးကို မျက်လုံးလေးဝိုင်းအောင်သေသေချာချာ မှတ်သား

သည်ကိုတွေ့ရတော့ကျွန်တော်ပျော် သည်။ ပြီးလျှင်သူမဘာတစ်ခုမှမှတ်မိမှာ မဟုတ်ကြောင်းကိုလည်း

ကျွန်တော်သိပြီးသားဖြစ်သည်။

အဖဘုရားသည် ကျွန်တော့်အတွက်လက်ဆောင်ကောင်းတစ်ခု ပို့ဆောင်ပေးလိုက်ခြင်းသာဖြစ်လိမ့်မည်။

သို့မဟုတ်လျှင်တော့ သူမသည် ရှိုက်တန်(စေတန်) မှပို့ဆက်လိုက်ခြင်းသာဖြစ်ပေလိမ့်မည်။

 

ဖြူဖြူ ......

ကျွန်တော်အိမ်မက်ကလန့်နိုးသည် ။

ရင်အစုံသည်တလှပ်လှပ်ခုန်သည် ။ပြတင်းမှမြင်ရသောကောင်းကင်တွင် ကြယ်တို့အဆုပ်လိုက် အဆုပ်လိုက်

ပွင့် လျှက်ရှိသည် ။ ညလေပြေညှင်းသည် ငြိမ့်ငြိမ့်ကလေးစီးဆင်းလျှက်ရှိသည်။ ညသည်နှစ်လိုဖွယ်ကောင်း

အောင်လှို့ဝှက်တိတ်ဆိတ်လျှက်ရှိလေသည်။

ဖြူဖြူလား ... မျက်ဝန်းဝိုင်းဝိုင်း လေးများသည်ရင်းနှီးပြီးသား ဖြစ်သည် ။ မီးခလုပ်ကိုယောင်ယမ်းထစမ်းဖြစ်သည်။

ကွန်ပျူတာသည် Sleep Mode ဖြစ်နေပြီ ။ အို ...................

ဖြူဖြူ ... ဖြူဖြူ သည်သွေးအလိမ်းလိမ်း .. သူမတစ်လှမ်းခြင်း ကျွန်တော်ရှိရာသို့လာနေသည် ။

ဖြူဖြူ ... ဘယ်နေရာမှာ ဘယ်လိုအန္တရယ်ကြုံခဲ့ပြီလဲ ။ သူများအိမ်ပေါ်တတ် ထမင်းခိုးစားပြန်ပြီလား ။

ခပ်ဆိုးဆိုး ခပ်မိုက်မိုက်ကောင်လေးတွေကများ ................... ဘုရားဘုရား .................

အတွေးများဖြင့်ယောက်ယက်ခက် ကြေကွဲမိသည် ။ ဖြူဖြူရယ် ငါ့ဆီကနေထွက်မသွားပါနဲ့ဆိုတာ ...

သူမသည် အန္တရာယ်ကြားမှသားကောင်ဖြစ်သည်။ သူမ၏ သေးနုပ်သော မှတ်သားရာ ခန္ဓာတွင်ကျွန်တော်နှင့်

ရှိချိန်ခဏသည် အငြိမ်းချမ်းဆုံးဖြစ်နေလိမ့်မည်။

ထို့ကြောင့်သူမနောက်ဆုံးအချိန်တွင်ကျွန်တော့်ထံသို့လာရောက်ခဲ့ခြင်းဖြစ်ပေလိမ့်မည်။

စိတ်ကိုအတတ်နိုင်ဆုံးတည်ငြိမ်အောင်ကြိုးစား ပြီးမေးလိုက်သည်။ ငါဘာလုပ်ပေးနိုင်မလဲ ?

ဖြူဖြူ နင်ကောင်းသွားမှာ .. ငါ ကုပေးမယ်။.. ငါလေနင့်အတွက်ငါးမုန့်ကြော်တွေဝယ်ထားတယ် သိလား။

နေဦး နေဦး ။နင်ပြန်ကောင်းသွားမှာနော် ...။ အကုန်နင်စားနော် .. သိလား ..........

ဖြူဖြူသည် ကျွန်တော့်ရင်ခွင်ထဲ အတင်း ဇွတ်ဝင်ဖို့ကြိုးစားသည် ။ သူမ ဒီလိုပဲဆိုးနေကျ ။......

ကျွန်တော်ကလည်းနှစ်သက်နေကျ ......................

အခုတော့

အခုတော့ ..........

သူမခန္ဓာသွေးအလိမ်းလိမ်း..................

ကျွန်တော့်ရင်ခွင်သည်လည်းသူမ သွေး များ ဖြင့်စိုနစ်.........

လမင်းသည် တစ်နေရာသို့ပုန်းရှောင်လေပြီ ။ ကောင်းကင်ငိုတော့မည်။

မရည်ရွယ်ပါပဲနှုတ်ခမ်းဖျားလေးများဆက်ဆက်ခါသည်။

 

ဖြူဖြူ ...

ဖြူဖြူ ....

ညသည် လျှို့ဝှက်လွန်းနေသည် ။လေတို့သည် ပို၍ကြမ်းကြမ်းတိုက်ပြကြသည်။

နင့်ကိုငါသီချင်းဆိုပြမယ်လေ ......... မျက်ရည်အချို့ကိုသူမ မမြင်အောင်ခါချဖြစ် သည်။

 

ဂစ်တာအိုလေးအားလှမ်း မယူဖြစ်တော့ .............

သံစဉ်မပါသော အပေါစားတေးတစ်ပုဒ်ဖြင့်နှလုံးသားအား ချွေးသိပ်ခွင့်ပြုပါ ....။

 

ဖြူဖြူ ... နင့်ကိုငါသီချင်းဆိုပြမယ် နားထောင်မလား ?

စကားလုံးအသွင်ပြောင်းထားသော ခံစားချက်များနှလုံးအိမ်မှလျှံကျသည်။

တိုးတိုးလေး .. ပြီးတော့ .. ငြိမ့်ငြိမ့်လေး ....

လောကရဲ့ပင်လယ် ဒုက္ခလှိုင်းတွေထဲ ... ကလေးလေးတစ်ယောက်သူငိုနေ ....

ကြောက်ရွံ့စိတ်တွေဝင် နောက်လှည့်ပြေးမှာလား ..... ပြန်ထွက်မပြေးနဲ့ကလေးလေးရေ ။...

 

စွန့်ပစ်ရက်သူတွေ အမုန်းရဲ့မြားချက်များကလေးလေးတစ်ယောက်နာကျင်နေ

လမ်းမကြီးတွေအပေါ်လမ်းပျောက်ခဲ့ပြီလား ထွက်မပြေးနဲ့ ကလေးလေးရေ

 

လောကရဲ့ရင်ခွင်ရှားပါးမေတ္တာများ ကလေးလေးတစ်ယောက်ရှာဖွေနေ

ခုထိမတွေ့နိုင်ပါ စိတ်ပျက်သွားပြီလား ပြန်ထွက်မပြေးနဲ့ကလေးလေးရေ

 

မှားယွင်းမှုတွေကို အမှားနဲ့ တုန့်ပြန်မလား ကလေးလေးတစ်ယောက်တွေဝေနေ

အဆိပ်သင့်လက်တွေကို အဆိပ်နဲ့တုန့်ပြန်မလား ထွက်မပြေးနဲ့ကလေးလေးရေ ....

 

နွံ့အိုင်တွေ အလယ်မနစ်မြုတ်နဲ့ ကလေးလေး နွံ့အိုင်တွေကိုဖောက်ထွက်ခဲ့ကလေးလေး

ကြာဖြူတွေလိုကွယ်ဖူးပွင့်လိုက် ထွက်မပြေးနဲ့ ကလေးလေးရေ ....

ပြန်ထွက်မပြေးနဲ့ ကလေးလေးရေ ....................(Here Song)

......................................................................

 

ကောင်းကင်ဘုံ၌ကျိန်းဝပ်တော်မူသောအိုအဖ ဘုရား ။

အောက်နိမ့်ရာအရပ်မှ အကျွန်ုပ်တောင်းလျှောက်ရာကိုနားညောင်းတော်မူပါ ။

ကိုယ်တော် အုပ်စိုးသော အသက်တာသည် လုံခြုံစိတ်ချသောအသက်တာဖြစ်ပါ၏။

(၄)

 

ကောင်းကင်ငိုပြီ ။.....

ရေစက်များသည်ပိတ်ထားသည့်တံခါးတွင် ရေစီးကြောင်း ငယ်ငါးခုခွဲ၍စီးဆင်းစေသည်။

ဖွင့်ထားသည့်ပြတင်းဘက်ခြမ်း ဆီမှ မိုးစက်များ လှိမ့်ကာလှိမ့်ကာခုန်ဆင်းလာသည် ။....

မဲနက်သောကောင်းကင်တွင် ဒေါသကြီးသော သတ္တ၀ါဆိုးတစ်ကောင် မန်မဲ ခြိမ်းခြောက်နေသည်။

မည်သို့ပင်ဖြစ်စေ သူမသည် ငြိမ်းချမ်းရာသို့သွားပြီဖြစ်သည်။

 

ဖြူဖြူ .. နင့်ဘ၀လေးငြိမ်းချမ်းပါပြီဟာ ...

အခုတကယ်ငြိမ်းချမ်းသွားပြီ ဟ ... သိလား ။

တကယ် ငြိမ်းချမ်းသွားပြီ ............. နင်လွတ်မြောက်သွားပြီ ................

ခပ်တိုးတိုး ပြောမိသည် ။ ဂျူဗလီကောတာမှ အခွေများ အန်ကျထားပြီးဖြစ် သည် ။

Computer သည် Sleep mode ဖြစ်နေပြီဖြစ်သည်။ Mingji တံဆိပ် ခွေလွတ်များသည်လည်း

ထုံးစံအတိုင်းပြန့်ကျဲလျှက်သာရှိနေသေးသည်ဖြစ်သည်။

ခိုးကူးခွေများရောင်းသောကောင်လေးသည်လည်း ယခုချိန်ထိ အသံမဲ့ရှိုက်ငိုလျှက်ရှိနေသေးသည် သာဖြစ်သည်။

 

PS: ဖြူဖြူသည် အမွေးဖြူဖြူလေးများ ပိုင်ဆိုင်သော ချစ်စရာ ကြောင်မလေးတစ်ကောင်သာဖြစ်ကြောင်း

သင့်အား မည်သည့်အခါမှပြောပြလိမ့်မည်မဟုတ်ပါ ။

 

မိနှောင်း

October 27, 2015
ပုံပြင် လေးတပုဒ်ပြောပြမယ်.....
နားထောင် မယ်မဟုတ်လား?...
......
......

......
တခါတုန်းက...ရွာတရွာမှာဖိုးတာလို့ခေါ်တဲ့ ,ဦးပုညရေသည်ပြဇာတ်ထဲကပြောသလိုဖွားဖက်တော်မှအနိုင်နိုင်ဖုံးထားရပါတယ်ဆိုသလောက်မွဲရှာတဲ့,ရွာခိုင်းဘက်ငမွဲတယောက်ရှိတယ်.........အဲ့ရွာမှာပဲ...တရွာလုံးကနှစ်ခါပြန်မကြည့်ပဲမနေနိုင်လောက်အောင်ချောမောလှပတဲ့..မိနှောင်းဆိုတဲ့အချောအလှအပျိုမလေးတယောက်လည်းရှိတယ်...မိနှောင်းကရုပ်ရှင်တွေထဲကလိုရွာသူဌေးသမီးတော့မဟုတ်ပါဘူးတဲ့.....သူလည်းသာမန်ဖက်ခုတ်.ပျိုးနှုတ်.တဲ့တောသူ မိန်းခလေးတစ်ယောက်ပါပဲတဲ့..... ဒါပေမယ့် ရွာကာလသားတွေပါးစပ်ဖျားမှာတော့ မိနှောင်းကရေပန်းစားတာပေါ့. တရက်တော့သူကြီးသားဖိုးစီက ရေခပ်လာတဲ့မိနှောင်းကို မြန်မာကားတွေထဲကအတိုင်း စော်ကားလိုက်ပါလေရော.....ဒီကိစ္စ ကိုမိနှောင်းတယောက်တည်းသိတယ်လို့ထင်ထားပေမယ့်...မိနှောင်းမျက်နှာဆိုအမြဲအလွတ်ကျက်နေတတ်တဲ့ဖိုးတာ........သူ့နည်းသူ့ဟန်နဲ့ဒါကိုသိသွားခဲ့ပုံရတယ်....တရက်...ဖိုးတာသူကြီးသားကိုဖက်ခုတ်ဓားနဲ့လိုက်ခုတ်သေးတယ်......ခုတ်တာမှအသေလိုက်ခုတ်တာ....ကာလသားတွေဝိုင်းဆွဲတာကြောင့်သူကြီးသားဘာမှမဖြစ်လိုက်ဘူး....အကြောင်းရင်းကိုလည်းဖိုးတာကိုမေးမရဘူး......သိပ်မကြာပါဘူးရွာသားတွေသိသွားတယ်......ဖိုးစီလည်းအိမ်အပြင်တောင်မထွက်ရဲဖြစ်သွားတယ်....မိနှောင်းလည်းရှက်လို့အိမ်ပြင်မထွက်တော့ဘူး........
ဒီအဖြစ်အပျက်ပြီးလို့တစ်လကျော်အကြာမှာတော့ ...မိနှောင်းရွာကပျောက်သွားတော့တယ်....ဖွံ့ဖြိုးမှုနည်းတဲ့ရွာလေးကသူမကိုပြန်မရှာတတ်ပါဘူး.....နောက်ထပ်နှစ်ဆယ့်ငါးနှစ်အကြာမှာဘွဲ့ရပြီဖြစ်တဲ့သားနဲ့အတူမိနှောင်းရွာကိုပြန်ရောက်လာတယ်....... အဲ့ဒီ အချိန်မှာမိနှောင်းမထင်မှတ်တာကိုစကြားရတော့တာပဲ...ရွာသူရွာသားတွေမိနှောင်းပြန်လာပြီဟေ့ဆိုပြီးအော်ကြဟစ်ကြဝမ်းသာကြမျက်ရည်မဆည်နိုင်ဖြစ်ကြပေါ့........အဲ့ဒီလူတွေကြားထဲ အသက်အရမ်းကြီးလို့မျက်လုံးတောင်ကောင်းကောင်းမပွင့်တော့တဲ့အမေအိုကြီးတယောက် တောင်ဝှေးကြီးထောက်လို့ရောက်လာတယ်...'ငါသားဖိုးတာရောတဲ့'........ ရွာသားတွေဝိုင်းမေးကြတယ်.....နင့်လင်ဖိုးတာရောတဲ့..... 'နင်ပျောက်သွားတဲ့ညမှာဖိုးတာလည်းပျောက်သွားတယ်....နင်တို့နှစ်ယောက်ခိုးပြေးတယ်လို့ပဲတရွာလုံးကမှတ်ထင်ထားကြတာ'...လို့တယောက်တပေါက်နဲ့ပြောကြတယ်...... မိနှောင်းအရမ်းဝမ်းနည်းသွားတယ်..ဖိုးတာဟာရွာမှာမိနှောင်းရဲ့အခင်ဆုံးသူငယ်ချင်းစာရင်းမှာတောင်မပါခဲ့ဘူး.....
ဖိုးတာမိန်းခလေးတယောက်ရဲ့အရှက်နဲ့သိက္ခာကိုကယ်တင်ခဲ့တယ်.....မိနှောင်းရွာကထွက်ပြေးတုန်းကဘယ်သု့ကိုမှမပြောပြခဲ့ဘူး....ဒါပေမယ့် သူမထွက်ပြေးတဲ့နေ့မှာပဲဖိုးတာလည်းစုံးစုံးမြုတ်ပျောက်သွားခဲ့တယ်..သူထွက်ပြေးမှာကိုဖိုးတာဘယ်လိုသိနေသလဲ?....သူနဲ့ ပတ်သက်သမျှဖိုးတာအကုန်သိနေခဲ့တာလား?..သူသီလရှင်ကျောင်းမှာဗိုက်တလုံးနဲ့ဒုက္ခပင်လယ်ဝေတုန်း ဆရာလေးတပါးက ' စုတ်တီးစုတ်ပြတ်လူတယောက် -ဒကာမလေးအတွက်ပေးခိုင်းလိုက်တာ'ဆိုပြီးပေးသွားတဲ့ပိုက်ဆံဟာဖိုးတာဆိုတာဗေဒင်မေးစရာလိုဦးမှာလား? မိနှောင်းဖိုးတာကိုလိုက်ရှာတယ်..... ရွာသားတွေလည်းလိုက်ရှာတယ်......အမယ်အိုကြီးကငါ့သားလေးတွေ့ပြီးလားဆိုတိုင်းမိနှောင်းရင်ထဲမှာနာတယ်....... ဒါပေမယ့်.. .ဘယ်သူမှဖိုးတာကိုရှာမတွေ့ခဲ့ဘူး... ဖိုးတာသေသည်ရှင်သည်ဘယ်သူမှမသိဘူး.........
ပုံပြင်လေးကဒါပါပဲ.......
လူဆိုတဲ့သတ္တဝါကထူးဆန်းတယ်...
လူတယောက်ရဲ့ဘဝကကိုယ်နဲ့ဘာမှမဆိုင်ဘူး,ဘာမှမပတ်သတ်ဘူးထင်ရတဲ့လူတယောက်နဲ့နက်နက်ရှိုင်းရှိုင်းသက်ဆိုင်နေတတ်တယ်.....
တကယ်တမ်း................. ကိုယ်ပြောပြချင်တာလည်းအဲ့ဒါလေးပါပဲ......
လူတယောက်ရဲ့ဘဝက ကိုယ်နဲ့ဘာမှမဆိုင်ဘူးထင်ရတဲ့လူတယောက်နဲ့ နက်နက်ရှိုင်းရှိုင်းသက်ဆိုင်နေတတ်တယ်ဆိုတာ......... ..........
 

မော်ဒန်တစ်ပုဒ်ထုဆစ်ကြည့်ခြင်း

June 4, 2013
တစ်နေ့ .........
ကျွန်တော်အရူးတစ်ယောက်နှင့်တွေ့သည် ။အရူးကမေးခွန်းတစ်ခုမေးသည်။
"ဟိတ်လူ .. ကျုပ်ဘာလို့ရူးသွားတာလည်းသိလား?"
"ဘယ်သိမတုန်းဗျ ။"
"ခင်ဗျားတော်တော်ညံ့တဲ့ လူပဲ ။ ဒီမေးခွန်းကိုအရူးတိုင်းသိတယ်ဗျ ။
လိုချင်တာမရ ဖြစ်ချင်တာမဖြစ်လို့ရူးသွားတာဗျ .. မသေမချင်းမှတ်ထား။"
"တိန် ....."
"ခင်ဗျားဦးဏှောက်ကအဆင့်မမှီဘူး ။အဆင့်မှီတဲ့သူနဲ့ပဲသွားပြောတော့မယ်"
"အမ် ....."
ထို့နောက်အရူုးသည်ထွက်ခွာသွားလေတော့သည်။
 

ဘုရင်ကြီးနဲ့သူတောင်းစား

June 4, 2013

ဟိုးရှေးရှေးတုန်းကပေါ့ကွယ်
ဗာလချောင်ဆိုတဲ့တိုင်းပြည်ကြီးမှာ ဗာလချာဆိုတဲ့ဘုရင်ကြီးတစ်ပါးကမင်းလုပ်အုပ်ချုပ်
သတဲ့ကွယ် ။အဲဒီဗာလချာမင်းကြီးမှာတဲ့ အင်မတန်မှလှပချောမောတဲ့ မင်းသမီးလေး
တစ်ပါး ရှိတယ် လို့မထင်ပါနဲ့ မရှိပါဘူးတဲ့။
အဲဒီတိုင်းပြည်မှာပဲ ဆွံ့အနားမကြားတဲ့ သူတောင်းစားလေးတစ်ယောက်လည်းရှိသတဲ့။
နေ့စဉ်နေ့တိုင်း သူတောင်းစားလေးဟာ ဈေးထောင့်တစ်နေရာမှာထိုင်တောင်း သတဲ့
ကွယ် ။ တစ်နေ့မှာတော့ ဘုရင်မင်းတြားကြီးတိုင်းခန်းလှည့်လည်စဉ် သူတောင်းစား
လေးကိုတွေ့ပြီး သနားတဲ့စိတ်ဖြစ်မိသတဲ့ ။ ဒါနဲ့ဘုရင်ကြီးက သူတောင်းစားလေးဆီကို
သွားပြီး ယာဂုတစ်ပန်းကန် ကျွေးသတဲ့ ။
ငတ်နေတာကြာပြီဖြစ်တဲ့ သူတောင်းစားလေးကတော့ အင်မတန်ဝမ်းသာသွားတာပေါ့။
အလျှင်အမြန်ပဲ ယာဂုကိုသောက်ဖို့လုပ်တဲ့အချိန် သူတောင်းစားလေးထက်ပိုမြန်တဲ
ဘုရင်ကြီးက ယာဂုပန်းကန်ကို ပြန်ယူသွားသတဲ့ ။ ယာဂုသောက်ရင် စိတ်ကိုငြိမ်ငြိမ်ထား
ပြီးသောက်ဖို့ ပူရင်မှုတ်သောက်ဖို့ ကိုသေသေချာချာမှာကြားပြန်သတဲ့ ။ သူတောင်းစား
လေးက နားမကြားတော့ဘုရင်ကြီးဘာပြောနေလည်းမသိပါဘူး သူ့ခမျာစားရခါနီးမှပြန်
ယူသွားတာကြောင့် ခဏနေတော့ပြန်ပေးမလားဆိုပြီးစောင့်နေတာပါ ။
ဒါပေမယ့်ဘုရင်ကြီးကစိတ်ပြောင်းသွားပါတယ် ။
ယာဂုဆိုတော့ခဏနဲ့ဗိုက်ပြန်ဆာမှာပေါ့ ။ဒီတော့ ထမင်းပဲကျွေးတာကောင်းပါတယ်ဆို
ပြီး ထမင်း သွားဝယ်ခိုင်းသတဲ့ ။ သိပ်မကြာခင်မှာပဲ ထမင်းတစ်ပန်းကန်သူတောင်းစား
လေးရှေ့ရောက်လာပြန်တယ်။ ဆာနေပြီဖြစ်တဲ့သူတောင်းစားလေးအရမ်းဝမ်းသာပြီး
အလျှင်အမြန်လက်လှမ်းလိုက်တဲ့အချိန် ဘုရင်ကြီးက ထမင်းပန်းကန်ကိုပြန်ယူသွားပြန်ပါ
ရောတဲ့ ။ ဘုရင်ကြီးက စီးပွားရေးအကြောင်းကိုပြောပြသတဲ့ ဒီထမင်းကို တစ်ခြားသူတောင်း
စားကိုပြန်ရောင်းပြီး အခုတောင်းလို့ရတဲ့အထဲက နည်းနည်းထက်ဖြည့်ရင်ပိုကောင်းတဲ့
ထမင်းရတယ်ဆိုပြီး တော့ပေါ့ ။ သူတောင်းစား
လေးက နားမကြားတော့ဘုရင်ကြီးဘာပြောနေလည်းမသိပါဘူး သူ့ခမျာစားရခါနီးမှပြန်
ယူသွားတာကြောင့် ခဏနေတော့ပြန်ပေးမလားဆိုပြီးထပ်စောင့်နေရပြန်ပါသတဲ့။
လျှာရှည်တဲ့ဘုရင်ကြီးဟာ လက်တွေ့ပြမယ်ဆိုပြီးအဲဒီထမင်းကို တစ်ခြားသူတောင်းစားကိုသွားရောင်းခိုင်း
လိုက်ရောတဲ့ ။ တစ်ရက်နေမှတစ်ရက် အနိုင်နိုင် တောင်းစားရတဲ့သူတောင်းစားတွေဟာ
အဲဒီထမင်းတစ်ပန်းကန်ကို မ၀ယ်နိုင်သလိုဝယ်လည်းမ၀ယ်ချင်ကြပါဘူး။ဒါပေမယ့်
ဘုရင်ကြီးရောင်းခိုင်းတာဆိုတော့လည်း သူတောင်းစားဆယ်ယောက်စုပြီးဝယ်ပေးလိုက်ရ
သတဲ့ အဲဒီပိုက်ဆံနဲ့ နောက်တစ်ပန်းကန်ဝယ်ပြီးဘုရင်ကြီးဆီလာပေးကြသတဲ့။
ဘုရင်ကြီးက ထမင်းပန်းကန်ကိုသူတောင်းစားဆီထိုးပေးပြန်ပါသတဲ့ ။
ဒီတစ်ခါတော့သူတောင်းစား လေးက သူမစားရသေးခင်ပြန်ယူသွားမှာကိုကြောက်တတ်
လာပါပြီ ။ဒီတော့ ဘုရင်ကြီးပြန်မယူခင်စားမယ်ဆိုပြီး ချက်ချင်း တစ်လုပ်ကိုခပ်မြန်မြန်
နှိုက်စားလိုက်တာနဲ့ဘုရင်ကြီးက ပန်းကန်ကိုပြန်ယူသွားပါရောတဲ့ ။
သူတောင်းစားလေးကတော့ စိတ်တော်တော်ညစ်နေပါပြီ။တကယ်တော့
ဘုရင်ကြီးကစိတ်ပြောင်းသွားတာပါ ။ သူက သူတောင်းစားလေးက ထမင်းတော့ တောင်း
ရမ်းစားသောက်ဖူးမှာပါ ခေါက်ဆွဲတော့မစားဖူးလောက်ဘူးဆိုပြီး အခုထမင်းအစားခေါက်
ဆွဲ တစ်ပွဲသွားဝယ်ခိုင်းပြန်ပါသတဲ့ ။သူတောင်းစားလေးအတွက်ကတော့ထမင်းမှ ခေါက်ဆွဲ
မှ မဟုတ်ပါဘူး ဗိုက်ပြည့်ဖို့ကအဓိကပါ ။အခုဆိုရင်စားရနိုးစားရနိုးနဲ့ စောင့်နေတာ
အချိန်တော်တော်ကိုလင့်သွားပါပြီ။ အရင်တုန်းကလည်းဆာနေတဲ့ဗိုက်ဟာအခုလည်းဆာ
နေဆဲပါပဲ တဲ့။သိပ်မကြာခင်မှာပဲ ခေါက်ဆွဲပန်းကန်ရောက်လာပါတယ် ။
ဒါပေမယ့်သူတောင်းစားလေးမနှိုက်ခင်မှာပဲ ဘုရင်ကြီးကပြန်ယူသွားပြန်ပါသတဲ့ ။
အရင်ကဆာယုံပဲဆာတဲ့သူတောင်းစားလေးဟာဘုရင်ကြီးနဲကတွေ့မှဟင်းအနံ့အမျိုးမျိုးပေးပြီး
တကယ်လည်းမစားရပဲ နှိပ်စက်ခံနေရလို့ပိုလို့တောင် စိတ်ဒုက္ခရောက်ပြီးနေတာပေါ့ကွယ်။
တကယ်တော့ဘုရင်ကြီးကစိတ်ပြောင်းသွားတာပါ ။ခေါက်ဆွဲက ဘိုးဘွားတွေကန်တော့
ရင် တင်မြှောက်ရတာဆိုတော့မကျွေးသင့်ဘူးလို့တွေးမိတာကြောင့်ပါ ။
ဒါပေမယ့် ခေါက်ဆွဲကိုဘယ်လိုစားရမယ်ဆိုတာတော့ စေတနာထားပြီးသင်ပေး တာပေါ့ကွယ်
သူတောင်းစားလေးက နားမကြားတော့ဘုရင်ကြီးဘာပြောနေလည်းမသိပါဘူး သူ့ခမျာစားဖို့
ပေးလိုက် ပြန်ယူသွားလိုက် စားဖို့ပေးလိုက်ပြန်ယူသွားလိုက်လုပ်နေတဲ့ဘုရင်ကြီးကြောင့်
နေရာမှာတင်လဲသေချင်အောင်စိတ်ဓါတ်ကျနေပါပြီ ။ခုအချိန်တစ်ခြားသွားတောင်းရင်ထမင်း
တစ်နပ်စာတော့တောင်းလို့ရလောက်ပြီလို့လည်းတွေးပြီးဝမ်းနည်းနေတာပေါ့ ။
သူတောင်းစားလေးကို သူဘယ်လောက်စေတနာထားကြောင်းပြသချင်တဲ့ဘုရင်ကြီးကဒန်ပေါက်တစ်ပွဲ
ဝယ်ပြီးယူခဲ့ခိုင်းသတဲ့ ။ သိပ်မကြာခင်မှာ ဒန်ပေါက်ပန်းကန်ဟာသူတောင်းစားလေးရှေ့ရောက်
လာချိန်မှာတော့ သူတောင်းစားလေးဟာ ရှိုက်ကြီးတငင်ငိုကြွေးပါလေရောတဲ့ ။
သူတောင်းစားလေးကသူမစားခင်ပြန်ယူသွားမယ့်ဒန်ပေါက်ပန်းကန်အတွက် ကြေကွဲပြီးငိုတာ
ဖြစ်ပေမယ့်စကားမပြောတတ်တဲ့ သူတောင်းစားလေးရဲ့မျက်ရည်ကိုဘုရင်ကြီးကနားလည်မှု
လွဲသွားပါတယ် ။ အင်း ဒန်ပေါက်နဲ့မတည့်လို့ငိုတာပဲ ဆိုပြီးရွှေညာဏ်တော်စူးရောက်ပြန်တာ
ကြောင့်ဒန်ပေါက်ပန်းကန်ကို လည်းပြန်ယူသွားပါသတဲ့ကွယ် .............
ပုံပြင်လေးကတော့ဒါပါပဲကွယ် ......................ေိေိေိ
 

ကောင်းကြသေးရဲ့လား

February 14, 2012


ေ၇းပဲမနေနိုင်လောက်အောင်လွဲနေတော့

လည်းပြောလိုက်တော့မယ် ။ တကယ်တော့ချစ်သူများနေ့ဟာဘုန်းတော်ကြီးValentine
(ရဟန္တာအဖြစ် ဘာသာဝင်တွေကသတ်မှတ်ကြပါတယ်) ရဲ့ အထင်ကရနေ့တစ်နေ့
ဖြစ်ပါတယ် ။ တကယ့် တကယ်မှာက ဘုန်းတော်ကြီးValentine ဟာ အသက်ရှိစဉ်အခါက
ဘုရင့်အမိန့်ကိုဖီဆန်ပြီးချစ်သူတွေကို လက်ထပ်ပေးခဲ့တယ် ။(ခရစ်ယာန်အယူကဘုန်းတော်
ကြီးကလက်ထပ်ပေးမှလင်မယားအရာမြောက်ပါတယ်)။အဲဒီအတွက်ပဲ ကလောဒီးယပ်စ်စ်ဘုရင်
ဆိုးက ကွပ်မျက်ခဲ့တယ် ။ ချစ်သူများအတွက် သူ့အသက်ကိုပေးခဲ့တယ် ။


(အဲဒီဇာတ်လမ်းကိုတော်တော်များများသိပြီးသားမို့ မပြောပြတော့ဘူး)ဒါကြောင့် ဖာသာစိန့် ဗယ်လင်တိုင်း
မရှိတော့တဲ့နောက်မှာ ...ဖာသာအတွက်အမှတ်တရနေ့လေးဖန်တီးပေးလိုက်တာပဲဖြစ်ပါတယ် ။
အဲဒီနေ့မှာ အဆင်မပြေတဲ့ချစ်သူတွေ ပြန်လည်သင့်မြတ်စေဖို့ ။လင်မယား ဇနီးမောင်နှံ အကြား
အချစ်သစ်တွေပြန်လည်ရှင်သန်နေစေဖို့ ။ အဆင်ပြေပြီးသားချစ်သူတွေကလည်း ရာသက်ပန်
လက်တွဲသွားနိုင်စေဖို့ ဖာသာဆီမှာဆုတောင်းပွဲကျင်းပကြပါတယ် ။ပုတီးစိတ်ကြပါတယ် ။
ဖာသာ ရဲ့ကောင်းချီးမင်္ဂလာကျရောက်ပါစေကြောင်းပတ္တနာပြုကြပါတယ် ။ သီလစောင့်တည်ကြပါတယ်။
ဘုရားကျောင်းတွေမှာ Valentine Day တရားဟောတာလေးသွားနားထောင်သင့်ပါတယ် ။
ညနေကျမှသာ ပျော်ပွဲစားပုံစံမျိုးလေး ကျင်းပတတ်ကြပါတယ် ။အဲလိုကျင်းပတာဟာလည်း
ဗရမ်းပတာမဟုတ်ပါဘူုး ။ဖာသာအသက်ရှိခဲ့စဉ်က လုပ်ခဲ့သလို ဖလားကြီးတစ်ခုတည်း မဲလိပ်လေး
တွေထည့်ပြီး မဲနှိုက်တမ်းကစားကြတာပါ ။ နောက်ပြီး သီချင်းတွေလည်း ပျော်ပျော်ပါးပါးဆိုကြပါသေးတယ်။
ဒါပေမယ့် အဲဒီ Valentine ပွဲတော် ဟာ ညနေ ၇နာရီ လောက်မှာပဲအဆုံးသတ်လေ့ရှိပါတယ် ။
လူငယ်တွေသာမက အိမ်ထောင်ရှင်တွေပါ လာရောက်ကြပါတယ် ။
ချောကလက်ကျွေးတာက တစ်ဦးအပေါ်တစ်ဦး မေတ္တာမပျက်ပဲ ဆက်လက်ချစ်နေပါမည့်အကြောင်း နဲ့
နှစ်ဦးသား ရဲ့ချစ်သက်တမ်းတစ်လျှောက်မှာကြုံခဲ့တဲ့အဖုထစ်တွေကို ဖာသာရဲ့ရှေ့မှာ လျှော်ပစ်လိုက်ပါ
ပြီလို့ .. သစ္စာပြုတာပါ ။ သူတို့နိုင်ငံမှာ က ချောကလက်ပေါတယ်လေ ။ မြန်မာတွေအနေနဲ့ဆို လက်ဖက်စားသလိုပေါ့ဗျာ။
အဲဒီပွဲကိုမိဘတွေကိုယ်တိုင်ကခွင့်ပြုတတ်ကြပါတယ် ။
ကဲစဉ်းစားကြည့်ကြပါဦး .. ကိုယ့်လူမျိုး ကိုယ့်ဘာသာနဲ့ဘာမှမဆိုင်တဲ့  Valentine Day ကိုတစ်လွဲတွေထင်ပြီး
မဟုတ်မဟက်တွေလုပ်နေကြတော့ကိုယ်ကျိုးတွေနည်းယုံပဲရှိပါတော့မယ် ။ဘုန်းတော်ကြီး Valentine သာအသက်ရှိခဲ့လို့
မြန်မာပြည်ကစုံတွဲတွေ ဗယ်လင်တိုင်းဒေးမှာ (ပြောမကောင်းလို့) ဖြစ်ချင်တိုင်းဖြစ်နေတာတွေသာမြင်တွေ့သွားမယ်
ဆိုရင် ...ကိုယ့်ကိုယ်ကိုများ သတ်သေသွားမလား မပြောတတ်တော့ပါဘုး။
ပြောရရင် မြန်မာလူမျိုးမှာ Valentine Day မရှိသင့်ပါဘူး ။ တကယ်လို့ အတူယူပြီးကျင်းပမယ်ဆိုရင်လည်းသေသေချာချာ
လေ့လာပြီး မှ ကောင်းတာလေးတွေကိုအတုယူသင့်ပါတယ် ။.... ခုများတော့ .. ယိုသူမရှက်မြင်သူရှက်ဖြစ်လို့ .......
 

ကျွန်တော့် Valentine-

February 14, 2012

ကျွန်တော့်ချစ်သူသည် အင်မတန်ဖြူစင်ရိုးသားပါသည်။
တစ်ရံတစ်ဆစ်မှ ဘာလိုချင်သည် ညာလိုချင်သည်ဟုမပူစာပါ ။
ကျွန်တော်နှင့် အမြဲအတူတူရှိနေတတ်ပြီးကျွန်တော့်အလုပ်များကိုလည်း
မငြီးမငြူကူညီလုပ်ဆောင်ပေးတတ်ပါသည် ။ ညနက်သည်အထိ
အလုပ်လုပ်နေခဲ့လျှင်ပင်သူက တစ်ချက်ကလေးမှမငြီးငြူခဲ့ပဲကျွန်တော့်ကိုကူညီရန်အသင့်ရှိခဲ့ပါသည် ။
တစ်ခါတစ်ရံသူ့ကိုအလုပ်တွေနှင့်ပစ်ထားခဲ့ပြီးအိပ်ယာဝင်ခဲ့သည့်တိုင်
စိတ်ဆိုးစိတ်ေ...ကာက်ခြင်းအလျှဉ်းမရှိပါ ။ ကျွန်တော်နားမလည်သည့်အရာများကို
ပင်သူမကနားလည်နေတတ်ပြီး .. အမှားများကိုမြင်သာအောင်ကူညီပေးတတ်
သေးသည်။သူမသည်ရောင့်ရဲတတ်သူလည်းဖြစ်သည်။
ကျွန်တော်ဆင်ပေးသောအလကားရသည့် BarCamp Logo
လေးဖြင့်ပင်သူမကဂုဏ်ယူဝင့်ကြွားနေတတ်ပါသေးသည်။
သူမသည်ချောကလက်လည်းမစားသဖြင့်ဝယ်ကျွေးရန်လည်းမလိုပါ ချေ။
သူမအမည်မှာ GIGABYTE - E1425 -Mဟူ၍ ဖြစ်ပါသည်။


သူမအမည်မှာ GIGABYTE - E1425 -Mဟူ၍ ဖြစ်ပါသည်။


 

ပြောင်းလဲလိုက်ပါ

December 27, 2011
တစ်ရက်ကပေါ့ ...
ကိုယ်တို့ Friendsmyanmar ကသူငယ်ချင်းတွေစုပြီး မဟာမြတ်မုနိ ဘုရားကြီးကို သွားကြတယ်......။
အဒီမှာ စာကလေးတွေပြန်လွှတ်ဖို့ရောင်းနေတာတွေ့တော့သူငယ်ချင်းတစ်ယောက်က ၀ယ်လွှတ်မယ်လို့ပြောရော..။
အဲဒီတော့နောက်တစ်ယောက်က .....ပြန်ပြောတယ် ။
"စာကလေးတွေဝယ်လွှတ်လည်း အဲဒီအဘွားကြီးကပြန်ဖမ်းရောင်းဦးမှာပဲ ... တကယ်စာကလေးတွေအပေါ်စေတနာထားတယ်ဆိုရင်
အဲဒီအဖွားကြီးပဲတစ်ပတ်လောက်မထနိုင်အောင်ဝိုင်းရိုက်ရမှာ..... အဲဒါဆို စာကလေးတွေလည်းတစ်ပတ်လောက် ငြိမ်းချမ်းသွားမှာ
ဟုတ်တယ်မဟုတ်လား ကိုအောင်ကြီး ...."
"အဲလိုလည်းမဟုတ်သေးဘူး ...... အဲဒီအဖွားကြီးကလက်လုပ်လက်စား ၊ တစ်ရက်ရောင်းရမှတစ်ရက်ပိုက်ဆံရတဲ့သူ ဆိုပါစို့ ။
အဲဒါဆိုရင် သူမရောင်းရတဲ့တစ်ပတ် အတွက်စားဝတ်နေရေး မပြေလည်တော့ဘူး ။ သူ့ကိုမှီခိုတဲ့ သားသမီး တွေရှိဦးမယ်ဆိုရင်
ပိုဆိုးပြီ။ ကလေးတွေကျောင်း စားရိတ် စာအုပ်ဖိုး တစ်ပတ်လုံးလုံး ဒုက္ခရောက်ပြီ ။ ဒီကြားထဲ ရိုက်လိုက်တဲ့ဒဏ်ရာတွေကိုကုဖို့
ပိုက်ဆံကုန်ဦးမယ်ဆိုရင် အဖွားကြီး ဘ၀ တော့သေတာကမှကောင်းသေးတယ် ဆိုသလိုဖြစ်သွားမှာပဲ ။"
အဲဒါနဲ့ပဲ နောက်တစ်ယောက်ကကိုယ့်ကိုဝင်ပြောတယ်..
"ဒါဆို ကိုအောင်ကြီးရ အဆင်ပြေအောင်ဘယ်လိုသွားလုပ်ရမှာလည်း" ။တဲ့ ..ကိုယ်ပြန်ပြောလိုက်မိတယ် ။
"စဉ်းစားမိတာ ကတစ်နည်းပဲရှိတယ် ။အဖွားကြီးအလုပ်ပြောင်းရမယ် ။တစ်ခြား အပြစ်မရှိတဲ့အလုပ်ပြောင်းလုပ်ရမယ် ။
အဲဒါမှ စာကလေးတွေလည်း ငြိမ်းချမ်း ၊အဖွားကြီးလည်းငြိမ်းချမ်းသွားမယ် ။"
သူငယ်ချင်းတွေအများကြီးဆိုတော့တစ်ယောက်က၀င်ထောက်ပြန်တယ် ။
"တစ်ချို့တွေက မိဘလက်ထက်ကတည်းက ဒါပဲလုပ်လာတာဆိုတော့ တစ်ခြားအလုပ်မလုပ်တတ်ဘူး ။
ဒါပဲလုပ်တတ်တယ်ဆိုတာမျိုးရှိတယ်လေ ။အဲဒီလိုဖြစ်နေရင်ရော ......."
"ဒါဆိုရင်တော့ဝဋ်ကြွေးလို့ပဲသဘောထားရတော့မှာပေပါ့..... သူ့ရဲ့ဝဋ်ကြွေးကကြီးမားခဲ့တယ်လို့ပဲသတ်မှတ်ပေးရတော့မှာပေါ့ ။"
အဲဒီနေ့လေးက ကုသိုလ်လည်းရပျော်စရာလည်းကောင်းခဲ့ပါတယ်။
အကြောင်းကြောင်းကြောင့် ချစ်သူတွေခွဲခွာရတယ် ။ကွေကွင်းရတယ် ..... စွန့်ပြစ်ခံရတယ် ။
အမျိုးမျိုးဖြစ်တတ်ကြတာလောကဓံမို့လို့ရှောင်လွှဲလို့ မရနိုင်ပါဘူး ။အဲဒီအခါ သူသူကိုယ်ကိုယ်ခံစားရမှာသေချာပြီးသားပါ။
ဒါပေမယ့် ... အချိန်တန်ရင်အသစ်ကပြန်စနိုင်ဖို့လိုတယ် ။ပြောင်းလဲနိုင်စွမ်းရှိဖို့လိုတယ် ...........
ဇာတ်လမ်းလေးထဲကနေ တကယ်ပြောပြချင်တာက .... နောက်ဆုံးမေးခဲ့တဲ့မေးခွန်းလိုမျိုး
သူ့ ကိုပဲချစ်တတ်တယ်။တစ်ခြားတစ်ယောက် ကိုလုံးဝချစ်လို့မရပါဘူး ဆိုရင်တော့ ....
 နောက်ဆုံးအဖြေလို ၀ဋ်ကြွေးလို့ပဲ သဘောထားရတော့မှာပေါ့။..............
သူ့ရဲ့ဝဋ်ကြွေးကကြီးမားခဲ့တယ်လို့ပဲသတ်မှတ်ပေးရတော့မှာပေါ့ ။...........
ဝဋ်ကြွေးမှန်သမျှ ဖြေဖျောက်ပစ်လိုက်ကြစမ်းပါ။တကယ်တော့ကိုယ့်စိတ်ကိုယ်ကိုပဲ

 

How? And Why?

December 27, 2011

စာသင်ခန်းတစ်ခုမှာ ဖြစ်ပါတယ်။ဆရာကကျောင်းသားကိုမေးတယ် ။

မင်းဘာဖြစ်လို့ မနေ့က ကျောင်းပျက်ရတာလဲ ?

ဟိုဟို … မနေ့က နေမကောင်းလို့ပါ။ပြီးတော့ မေမေကလည်း ကျွန်တော်နဲ့တူတူဖျားနေလို့ …

………ဘာ…………. လို့ ……………ညာ…………လို့ …………………………လို့ ……………..လို့

………………………………………….

နောက်စာသင်ခန်းတစ်ခုမှာ ဖြစ်ပါတယ် ။ဆရာကကျောင်းသားကိုမေးတယ် ။

မင်းမနေ့က ကျောင်းပျက်လို့လွတ်သွားတဲ့စာတွေကိုဘယ်လို မှီအောင်လိုက်မလဲ ?

ဟုတ်ကဲ့.. သူငယ်ချင်း ကကူးပေးထားပါတယ်ဆရာ။ ခုညကျက်လိုက်ရင်မနက်ဖြန်မှီပါတယ်ဆရာ…

ဒီအဖြစ်အပျက်လေးနှစ်ခုကိုလေ့လာကြည့်ပါ။ ဘာများတွေ့ရသလဲ ?

……………………………………………..

ခုချိန်ထိတော့ ပထမ ဆရာမေးတဲ့မေးခွန်းမျိုးကို သာတွေ့ရများနေဆဲပါပဲ ။

တကယ်တမ်း အဓိကကျတာက မနေ့က ကျောင်းပျက်ရတဲ့ဆင်ခြေ လား ?

အခုသင်နေတဲ့သင်ခန်းစာမမှီမှာ ကိုလား ?

ကျွန်တော်ပြောပြချင်တာက စာသင်ခန်းလောက် နယ်ပယ် လေးကို မဟုတ်ပါဘူး။

လက်တွေ့လောကကြီးထဲမှာလည်း ဘာကြောင့် (Why)ဆိုတာ ကိုသာလိုက်ရှာနေကြတာများပါတယ်။

“ငါက အင်ဂျင်နီယာဖြစ်ချင်တာ။ဆယ်တန်းနှစ်မှာအဖေဆုံးပြီးဒုက္ခတွေပင်လယ်ဝေခဲ့လို့ မဖြစ်ခဲ့တာပေါ့။”

“ဟိုကောင်သက်အောင်ကြောင့်မဟုတ်ရင် အခုလောက်ဆို ငါ US ရောက်နေလောက်ပြီ။”

“အဖေပေါ့ .. မင်းဖြစ်မှာလည်းမဟုတ်ပါဘူး ဆိုတာနဲ့ ရပ်လိုက်တာ…. ” စသည်ဖြင့်ကြားဖူးပါလိမ့်မယ်။

Why က နောက်ကြောင်းပြန်ဖော်တဲ့မေးခွန်းမျိုးပါ။ အတိတ်မှာ အများကြီးဖြစ်ပျက်ခဲ့ဖူးပါလိမ့်မယ်။

အခက်အခဲတွေလည်းရှိခဲ့ ပါလိမ့်မယ်။ ဒါတွေကို ခဏခဏပြန်မဖော်ပါနဲ့ ။

နောင်တကို ကြာကြာသိမ်းထားမယ်ဆိုရင်နှလုံးသားဟာ လေးလံပြီးနေတာကြောင့်ဆင်းရဲ ပင်ပန်းပါတယ်။

လူတိုင်းမှာ အခက်အခဲကိုယ်စီရှိပါလိမ့်မယ်။ ကိုယ့်အခက်အခဲကသာသူများထက်ပိုပြီးကြီးမားနေတာမဟုတ်

ပါဘူး။ ကိုယ့်ထက်ကြမ်းတမ်း တဲ့ဘ၀တွေကိုယ့်ပတ်ဝန်းကျင်မှာကိုအများကြီးရှိပါတယ် ။ကိုယ့်ကိုယ်ကို

ထက်တော့ဘယ်သူမှ ပိုပြီးဒုက္ခဆင်းရဲရောက်အောင်တတ်နိုင်မှာမဟုတ် ပါဘူး။ ဒီအတွက်နဲ့တော့ ကိုယ့်

ပန်းတိုင် ကိုမဖျက်ဆီးလိုက်ပါနဲ့။ အဖေကနင်ဖြစ်မှာမဟုတ်ဘူးဆိုတာနဲ့ လက်လျှော့လိုက်မိလို့ အသက်ကြီးမှ

နောင်တရနေတဲ့သူငယ်ချင်းတစ်ယောက်တွေ့ဖူးပါတယ်။ ကျွန်တော်တို့လူမျိုးတွေရဲ့အားနည်းချက်က မိဘ

စကားဆိုရင်နားထောင်မှ လူတော်လူကောင်းဖြစ်တယ်ဆိုတဲ့ သတ်မှတ်ချက်ဟာခိုင်မာနေတော့ ဒီလိုမဖြစ်သင့်

တာဖြစ်ကြရ တာပါပဲ။ တကယ်တမ်းဘ၀ကို လက်တွေ့ဖြတ်သန်းရတာက ကိုယ်ကိုယ်တိုင်ပဲ မဟုတ်ဘူးလား။

ကိုယ်မှားလို့ကိုယ်ခံရတာ ခံနိုင်ပါတယ်။ သူများစကား ကြောင့်ကိုယ့်အမှန် ကနေအမှားဖြစ်သွား ရတာက

တော့ခံရခက်ပါလိမ့်မယ်။ Why က အဖြေ မဟုတ်ပါဘူး။ ဒါဆို အဖြေကဘာဖြစ်မလဲ ?

…………………………………………………

ကိုယ်သွားမယ့်ပန်းတိုင်အတွက် အကောင်းဆုံးအဖြေကို How ကသာပေးစွမ်းနိုင်ပါလိမ့်မယ် ။

“ဒီလိုနည်းနဲ့မရရင် ဘယ်လိုနည်းနဲ့ရနိုင်မလဲ?”

“ဒီအတိုင်းသွားလို့မရောက်ရင် ဘယ်လိုသွားရင်ရောက်နိုင်မလဲ?”

How မေးခွန်း မျိုး ကသာအဖြေ ကိုရှာပေးနိုင်ပါလိမ့်မယ်။ ဥပမာပြောပြရရင် -

ကိုယ်ကအဆိုတော်တစ်ယောက်ဖြစ်ချင်တယ်ဆိုပါစို့ ……

ကိုယ့်အသိုင်းအ၀ိုင်းမှာလည်းအနုပညာမျိုးရိုးမရှိ၊ ငွေကြေးဂုဏ်ဒြပ်လည်းမရှိ

မိဘ နဲ့သူငယ်ချင်းတွေကလည်း မင်းမဖြစ်ပါဘူးကွာလို့ လှောင်ပြောင် .. နေတယ်ဆိုပါစို့….

ငါတော့မဖြစ်ပါဘူးကွာဆိုပြီးလက်လျှော့လိုက်တော့မှာလား ။ ကိုယ့်ကိုယ်ကိုပြန်မေးကြည့်ပါ။

ဒီအခက်အခဲတွေကိုဘယ်လိုကျော်လွှားနိုင်မှာလဲ ? လို့

ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ရှိရင် ဖြေရှင်းလို့ရမယ့်နည်းတွေကို လည်းအလိုလိုရှာတွေ့ပါလိမ့်မယ် ။

ကိုယ့်ရဲ့လက်ရှိအခြေအနေနဲ့ ကိုယ့်ပန်းတိုင် အကွာအဝေးကို အချိုးချကြည့်ပါ။

ဒါဆိုရင် အချိန်ဘယ်လောက် အကြာမှာပန်းတိုင်ကိုရောက်နိုင်မလဲဆိုတာသိလာပါလိမ့်မယ်။ ပြီးတော့

ဖြစ်နိုင်မယ့် နည်းလမ်းကိုလည်းတစ်ခါတည်းသိမြင်လာပါမယ် ။အဲလိုသိခဲ့ရင် အဲဒီ အချိန် အတိုင်း

ရောက်ကိုရောက်ရမယ်ဆိုပြီးသံန္နိဌာန် ချမှတ်ပြီးကြိုးစားကြည့်ပါ။ တကယ်ဖြစ်လာပါလိမ့်မယ်။

အဲဒီအချိန်ရောက်မှ ငါလုပ်နိုင်တယ် ဆိုတဲ့ ခံစားချက်နဲ့ကြည်နူးမှုကိုတ၀ကြီးခံစားပစ်လိုက်ပါ။

(တကယ်အပြစ်ကင်းတဲ့ပျော်ရွှင်ခြင်း ကိုအဲဒီအချိန်မှာခံစားရပါလိမ့်မယ် ။ ပြန်တွေးတိုင်းလည်း

အဲဒီခံစားမှုက ကိုယ့် ကိုယ်ကိုယုံကြည်မှုခိုင်မာစေပါတယ်)

“မဖြစ်နိုင်ဘူးဆိုတဲ့ စကားငါ၏အဘိဓါန်တွင်မရှိ ” လို့နပိုလီယံပြောခဲ့ဖူးပါတယ်။

လက်တွေ့လောကမှာတော့မဖြစ်နိုင်ဘူးဆိုတာရှိပါတယ်။ဒါပေမယ့် လည်း တစ်ရာမှာ ဆယ့်ငါး/နှစ်ဆယ်ရာ

နှုန်းလောက်ပဲရှိတာပါ။ ဖြစ်နိုင်တဲ့ဘက်က အပုံကြီး အလေးသာပါတယ်။ သီချင်းဆိုဖို့အတွက် အရေးအကြီး

ဆုံးက ပင်ကို အသံရှိဖို့ အရေးကြီးပါတယ်။ ပင်ကိုအသံအားနည်းရင်တောင်လိုက်ဖက်တဲ့ သီချင်းရွေးဆိုလို့

ရပါသေးတယ်။လုံးဝ အသံမရှိမှသာ မဖြစ်နိုင်ဘူးဆိုတဲ့ ဘက်ကိုထည့်ရမှာဖြစ်ပါတယ်။

အဆိုပညာနဲ့ ငွေကြေး ကုန်ကျမှုအပိုင်းက အချိန်ပေးပြီးရှာရင်ဖြစ် ပါတယ်။ ဒါဆို ရှေ့ဆက်လို့ရပြီ။

မဆုတ်မနစ်ကြိုးစားနေတဲ့လူ တစ်ယောက်ကိုလောကကြီးက လျစ်လျှူရှု မနေပါဘူး ။

အခွင့်အရေးဆိုတာဖြစ်လာပါလိမ့်မယ် ။ ကြိုးစားပါ။ ဖြစ်ကိုဖြစ်လာပါလိမ့်မယ် ။

အောင်မြင်မှုနဲ့အတူပျော်ရွှင်ခြင်းတွေလည်းကပ် ပါလာပါလိမ့်မယ်။ထွက်ပြေးရင်တောင်မလွတ်ပါဘူး။

ဒါပေမယ့် တစ်ခုတော့ မှတ်ထားပါ နော်။

ကြီးကြီးမားမား မဟုတ်ပါဘူး ။ရှစ်တန်းလောက်မှာသင်ရတဲ့ အခြေခံ ရူပဗေဒ ပညာရပ်ထဲကမှ အခြေခံ ကျတဲ့

Work Done ရဲ့ Definition ရိုးရိုး လေးပါ။

“အလုပ်ပြီးမြောက်သွားမှသာ တကယ်အလုပ်လုပ်တာဖြစ်တယ်။”………. တဲ့။

 

ကြယ်အကြွေ ကောက်တဲ့ရစ်သမ်

April 10, 2011

အဲဒီနေ့ ကိုကျွန်တော်မှတ်မိတယ် ....

အရှေ့မြို့ရိုးမှာမိုးတွေရွာတယ် ...  ....

ခပ်တိုးတိုး စကားတစ်ခွန်းစပြောဖြစ်တယ် .... သေချာပြီးသားစကားလုံးတွေပေါ့ ....

“မင်းကို ချစ်တယ် ...

အရမ်းချစ်တယ်.... တကယ်ပါ ... တို့ တူတူနေရအောင် ....”

ကျွန်တော့်စကားကိုသူမ မကြားယောင်ပြုတယ် ...

 

တကယ်လည်း ကြားချင်မှကြားမယ် .....

တကယ်မြတ်မြတ်နိုးနိုးချစ်ရတဲ့သူနဲ့ဆိုရင် လောကကြီးကိုတောင်ငုံ့ကြည့်ရဲပါရဲ့

ဒါပေမယ့်ချစ်ရနံ့ ကိုတစ်ခါမှတော့  နားမထောင်ကြည့်ဖူးဘူး ....

အရာရာ ... ပကတိသန့်စင်ကြည်လင်တယ်....

အဲဒီအချိန်.......

ကြယ်တွေကြွေကျတယ်....

တစ်လုံး ...

နှစ်လုံး ...

သုံးလုံး ..... ပြီးတော့အများကြီး .. တကယ်ကိုအများကြီး

 

တစ်ဖွဲဖွဲကြွေဆင်းလာပြီးလင်းလက်နေကြတယ်လေ...

ကျွန်တော်တို့ကြယ်အကြွေတွေလိုက်ကောက်ကြတယ် .....

ကြယ်ကြွေသီအိုရီကိုနယူတန်တွေ့မသွားခဲ့ပါဘူး .......

ခဏလေးတော့လက်ရှိရဲ့အပြင်ဘက်ကိုထွက်ခဲ့တယ် .....

“ကောင်းကင်ကြီးက မဲလိုက်ပြာလိုက် လိမ္မော်ရောင်ဖြစ်သွားနဲ့

အမျိုးမျိုးပြောင်းလဲတတ်တယ်နော် ..........”

ပျားရည်ထက်ချိုတဲ့စကားမျိုးသူမပြောတတ်တယ် ....

ကျွန်တော် သူမလက်ကိုဆွဲပြီး အရောင်တွေရဲ့ အပြင်ဘက်

ထွက်ခဲ့လိုက်တယ် ....

ကျွန်တော်တို့ကြားထဲဘာအရောင်မှမရှိတော့ဘူး .....

တကယ်ကြည်ကြည်စင်စင်လေး ..... ချစ်စရာကောင်းလိုက်တာ

အရောင်တွေမရှိတဲ့ဘ၀ ............ ထာဝရ ရချင်လိုက်တာ .........

လူတွေကဘာလို့ အရောင်တွေ နဲ့နေချင်ရတာလဲ?

ဆိုက်ပတွန်ဂြိုဟ် ပေါ်က စီးမီး ရက်စ်ဲစီ ပန်းလေးခူးပေးလိုက်တယ်

ထပ်ပြောဖို့မလိုတော့ဘူးပေါ့ .....


အလင်းတံခါးတွေကိုဖြတ်ခဲ့တယ် ..... မှော်ဆရာရဲ့ ပဉ္စလက်ပြကွက်တွေထဲကအတိုင်း

ပဲ ..... ဘယ်ညာယိမ်းနွဲ့ နေတဲ့ ဖဲသားပွင့်တွေနဲ့ တောလယ်ကပေါ့ ....

ကျွန်တော်ဆွဲပြတဲ့ ပန်းချီကားထဲသူမက လှဲလျှောင်း ဖို့ဆုံးဖြတ်ခဲ့တယ် ....

အမြဲ ရှိတတ်တဲ့ ရှန်ဂါရီလာ နတ်သမီးလေးလိုမျိုးပေါ့...

ကမ္ဘာမြေမှာ ဒီလိုအလှတရားမျိုးထပ်မတွေ့ နိုင်ဘူး ..........လို့ယုံတယ်....

တိုးညှင်းတဲ့ဂီတသံသဲ့သဲ့ကြားတယ် .....

ကျွန်တော်ကိုယ်တိုင်က သဘာဝလောကကြီးပဲဖြစ်တယ် ….

သန္တိ ရသများ ထဲမှာကျွန်တော် ရှိနေမယ် ။။။..

ရုတ်ခနဲဝင်ဆောင့်လိုက်တဲ့ အသိတရားနဲ့အတူ

အရာရာေ၀၀ါးလွင့်ပြယ်သွားတယ် ...... အသိတရားကိုမလိုချင်ဘူး..

မနေ့က .... လား ...... ဒီနေ့လား ........ ဒါမှ မဟုတ် မနက်ဖြန်ထဲမှာလား.....

အသိတရားက အရာရာကိုဖျက်ဆီးတတ်တဲ့နတ်ဆိုးပဲ ....

မှားသွားပြီ  ..... တကယ်ပဲ.... ပြာလဲ့လဲ့ အလင်းကိုမြင်နေရတယ် .....

ရုတ်တရက်အလင်းကအားပြင်းလာသလိုလို .....

သတိ ရတော့ အားလုံးအဖြူရောင် .....

အဖြူရောင်() မျိုးရှိတယ်ဆိုရင် ကျွန်တော်က ဘယ်အမျိုးအစားထဲပါမလဲ ?
အဲဒီ  ပိုးသတ်ဆေး တွေကိုကျွန်တော်မုန်းတယ် .....

ကျွန်တော့်နာရီတွေကလည်း ညနေ ၄ နာရီ ထက်ပိုမရွေ့တတ်ဘူး .....

လက်တွေ့ လောကကိုမုန်းတယ် ....

ကျွန်တော်နဲ့ခပ်ဆင်ဆင်တူတဲ့သူတစ်ယောက် ငိုနေတယ် ....

ကြည်လင်တဲ့မျက်ရည် .......

မြင်ဖူးတယ် ..... ရင်းရင်းနှီးနှီးသိနေတယ် ......ရင်ထဲကစူးပြီးအောင့်လာတယ်..

အသံတစ်ချို့နားစည်ထဲ ၀င်ရိုက်တယ် ...တိုးတိုးလေးမှ တကယ့်တိုးတိုးလေး ....

“ပိုက်တွေမဖြုတ်လိုက်နဲ့နော် .....

အကောင်းကြီးမဟုတ်သေးဘူး .......

အရေးပေါ်အခြေအနေမှာဆိုတော့ ဖြစ်ပြီဆိုတာနဲ့ ချက်ချင်း ခေါ်ဖို့လိုအပ်မယ်

.........ခဏလေး .....”

နေဦး....... သူမစောင့်နေလိမ့်မယ် ........

ကျွန်တော်တို့ အနာဂတ်အတွက် ..... ပြီးတော့ မမြင်ရသေးတဲ့ အနာဂတ်ခရီး

သူမမှာ လက်ဆွဲအိတ်တစ်လုံးထက်ပိုပါမှာမဟုတ်ဘူး .........

သူမ အားငယ်နေမှာ ..... စိတ်ပူတယ်....

 

နီတျာတျာငှက်ကလေးတွေ ရယ် လမ်းပြပေးပါဦး ....

စမ်းချောင်းငယ်ငယ်လေးထဲ ကျွန်တော်ဆင်းကြည့်တယ် ...

ကြည်လင်တဲ့ ရေ ငယ်ထဲ ငါးလေးတွေကူးနေတယ် .......

နေရောင်ခြည်ကိုပြန်ကြည့်တော့နူးနူးညံ့ညံ့ပြုံးလို့.........

အကြင်နာတွေနဲ့ ကမ္ဘာကြီးကနူးနူးညံ့ညံ့လှနေပြန်တယ်

သူမကိုရှာမတွေ့သေးဘူး .....

 

ဒီဖြစ်ရပ်က ဒီလိုပဲလည်နေတော့မှာလား ......

ကုန်တင်ကားကြီး ......သတိရပြီ ........

ဟုတ်တယ် ...လမ်းမှာ ကျွန်တော်တို့ကားပျက်တယ် ....

ကားကြုံတားစီးဖို့ထွက်လာခဲ့တယ် .... သူမ ..

နဲ့ .... ကိုယ့်အနာဂတ် အိမ်မက် ......

ဘ၀တစ်ခု...... ကုန်တင်ကားကြီး

 .... လမ်းမကြီးပေါ်မှာ ........ကံကြမ္မာရဲ့ ရန်ငြိုး ........ပြီးတော့ ။။

့ .....သူမ ...

သူမကို အားရှိသမျှနဲ့ အဝေးကိုတွန်းပြစ်ခဲ့တယ် ....

ပြီးတော့ .............. ပြီးတော့ ..............ပြီးတော့ ..............

 

 

 

 

မှိတ်ထားတဲ့မျက်ဝန်းအိမ်မှ မျက်ရည်တစ်ပေါက်ကျဆင်းလာပြီးနောက်ပိုင်းတွင်

အက်ဆီးဒင့် လူနာ ... အမှန်တကယ်သေဆုံးပြီဖြစ်ကြောင်းဆရာဝန်ကြီးမှ အတည်ပြုပေးခဲ့သည်။

အဲဒီနေ့ ........

အဲဒီနေ့ ကိုကျွန်တော်မှတ်မိတယ် ....

အရှေ့မြို့ရိုးမှာမိုးတွေရွာတယ် ... ဒါပေမယ့် ....  .......

 

About Me


aung aung Web နည်းပညာကို လေ့လာလိုက်စားသူ Freelance Developer တစ်ဦး ။ စိတ်ပါလျှင်ကဗျာတွေစာတွေလည်းရေးတတ်သူ။

Make a free website with Yola