တိုက်ခန်း
..........
ခပ်နွမ်းနွမ်း တိုက်ခန်းဟာ အဲ့ဒီစုပေါင်းအိမ်ယာရဲ့ အပေါ်ဆုံးထပ်မှာရှိပါတယ်။ တိတိကျကျပြောရရင် စုပေါင်းအိမ်ယာရဲ့ခြောက်ထပ်မြောက်မှာပေါ့။စုပေါင်းအိမ်ယာဟာ တော်တော်လေးဟောင်းနွမ်းနေတာကြောင့် အရင်က အဝါရောင်ဖြစ်ခဲ့တဲ့အမှတ်အသားကို ခပ်ပါးပါးပဲတွေ့ရတော့တယ်။အောက်ဘက်အထပ်တစ်ခုမှာတော့ ညောင်ပင်ပေါက်လေးခပ်သေးသေးတစ်ပင် ပေါက်နေပြီး သစ်ရွက်စိမ်းစိမ်းလေးတွေလှုပ်ခက်နေတတ်တာတွေ့ လိုက်ရတယ်။ သူဟာ မကြာခင် တိုက်ခန်းကို ဆွေးမြေ့ပျက်ဆီးအောင် ကူညီမဲ့သူရဲကောင်းကြီးဖြစ်နိုင်ပါတယ် ။
အောက်ဆုံးမြေညီထပ်နဲ့ အပေါ်တစ်ထပ်ကြားမှာတော့ လမ်းဘေးက ဓါတ်တိုင်ရဲ့ ထိပ်ဦးပိုင်းကိုတွေ့ရပြီး အဲ့ဒီနေရာ မှာ ဖိုက်ဘာအင်တာနက်ကေဘယ်လ်ကြိုးတွေဟာ တွန့်ခေါက်ပြီးတော့ ရောထွေးစုခဲရှုပ်ပွေ ဗျလဗျစ် ပွေလိမ်နေတာတွေ့ရတယ်။ ကြိုးတွေကြောင့်ဓါတ်တိုင်ဟာ လည်း အောက်ကိုပြိုလဲချင်တာနဲ့ပဲကိုင်းကျနေတော့တယ်။
တိုက်ခန်းရဲ့ ဝရံတာမှာ ကော်ရေပုံးမဲမဲလေးတစ်လုံးတင်ထားတာတွေ့လိုက်တယ်။ ဖြစ်နိုင်တာက အဲ့ရေပုံးမဲမဲလေးက အဲ့ဒီနေရာမှာ ရှိနေတာတော်တော်လေးကြာနေခဲ့ ပုံပါပဲ။ပိုင်ရှင်မဲ့ပုံးလေးဖြစ်ပါလိမ့်မယ်။
တစ်ချိန်တုန်းက အဲ့ဒီတိုက်ခန်းမှာ မိုးရွာရင် ရေအရမ်းယိုတတ်တဲ့ အခန်းတစ်ခန်းရှိခဲ့တယ်။
ကျွန်တော့် အရှေ့တည့်တည့်မှာ KIA တံဆိပ်ကားအနက်ရောင်လှလှလေးတစ်စီးရှိနေပြီး အနီရောင်တောက်တောက်ဝတ်ထားတဲ့မိန်းမတစ်ယောက်ဟာကားပေါ်ကိုတတ်ပြီးနောက်မှာတော့ မောင်းထွက်သွားခဲ့ တယ်။ သူထွက်သွားတာနဲ့ တစ်ပြိုင်နက်ဆိုသလိုပဲ အူကြောင်ကြား စပ်ဖြဲဖြဲအရောင်အဆင်းနဲ့ဟွန်ဒါဖစ်တစ်စီးဟာ အားရဝမ်းသာဝင်ရပ်တယ်။ ဟွန်ဒါဖစ်နဲ့အတူ ဘယ်က ပေါ်လာမှန်းမသိတဲ့အဘွားကြီးခပ်တည်တည် တစ်ယောက်ရောက်လာပြီး ဟိုနားတိုး ဒီဘက်တိုး အရှေ့တိုး အနောက်ဆုတ် နဲ့ ကားမောင်းသူကိုလမ်းပြတယ်။ ကားရပ်ပြီးသွားတဲ့နောက် ကားပေါ်ကနေ ခေါင်းထိပ်မှာလေယာဉ်ဆိုက်ဖို့ ကွင်းဖော်ထားတဲ့ ဆံပင်ကေနဲ့ဘဲကြီးတစ်ဦး ထွက်လာပြီးအဘွားကြီးနဲ့စကားပြောတယ်။
လူငယ်လေးတစ်ယောက်က ရေသန့်ဘူးစုတ်စုတ်ထဲက ရေကို စတီးခွက် ခပ်သောက်နေပြီးတစ်ဟားဟားရယ်နေတယ်။ ရေသန့်ဘူး ကြီးက ဒီနားမှာဘာလို့ရှိနေတာလဲ ? ဖြစ်နိုင်တာက အဲ့ဒီရေသန့်ဘူးက လူတိုင်းအတွက်လှူထားတာဖြစ်နိုင်ပြီး အဲ့ဒီ ရေကိုလူငယ်က ဒါနမြောက်အောင်သောက်နေတာဖြစ်ပါလိမ့်မယ်။ ပိုပြီးဖြစ်နိုင်တာက အဲ့ဒီရေသန့်ဘူးကြီး ကို အခုကျွန်တော်ထိုင်နေတဲ့လက်ဖက်ရည်ဆိုင်ပိုင်ရှင်ဦးလေးကြီးက အဲ့ဒီနေရာလေးမှာ ကြိုက်တဲ့သူသောက်ဆိုပြီး ဒါနပြုထားတာဖြစ်နိုင်ပါတယ်။
ရေသန့်ဘူးရဲ့ ဟိုဘက်ကိုကျော်ပြီးကြည့်မိလိုက်တော့ G&G store ရှိနေပြီး ခေတ်ဆန်ဆန်ကောင်မလေးနှစ်ယောက်နဲ့ကောင်လေးတစ်ယောက်ဝင်သွားတာတွေ့ရတယ်။
အင်း .. G&G ကနေ ငါဘာဝယ်စရာရှိသလဲ? ဘာမှတော့လည်းထူးထူးခြားခြားဝယ်စရာမရှိပါဘူးလို့တွေးမိတယ်။
ဒါနဲ့ငါက ဒီကိုဘာလာလုပ်ပါလိမ့်။ ငါဘာလာလုပ်တာလဲပေါ့ ?
အာ.. ငါလက်ဖက်ရည်လာသောက်တာလေ.. ဟုတ်တာပေါ့ လက်ဖက်ရည်လာသောက်တာ ..
.....
အဖြေရသွားတဲ့ခလေးတစ်ယောက်လိုကိုယ့်ကိုကိုယ်ကျေနပ်ပျော်ရွှင်သွားမိပြန်တယ်..
တစ်ချိန် တုန်းက ညဆယ်နာရီကျော်လောက် မှ G&G က နေဘီယာချမ်းရှည်နှစ်ဗူးနဲ့အတူ အဲ့ဒီ ဆိုင်ရှေ့က ရေတမာပင်အောက်မှာကျွန်တော် ထိုင်ဖူးခဲ့တယ်။ စကားတွေ အများကြီး ပြောခဲ့ဖူးတယ်လို့ ကိုယ့်ဖာသာထင်မိတယ်။ ကျွန်တော်က short time memories တွေပျောက်နေတာမို့ ဘယ်သူနဲ့ ဘာအကြောင်းတွေပြောခဲ့တယ်ဆိုတောတော့ မမှတ်မိတော့ပါဘူး။
ချက်ချင်းဆိုသလိုပဲ ကောင်လေးနဲ့ကောင်မလေး နှစ်ယောက်လက်ချင်းချိတ်ပြီး ကျွန်တော့်ရှေ့လမ်းမပေါ်ကနေဖြတ်သွားကြတယ်။ ကောင်မလေးက ကောင်လေးကိုစကားတွေ တတွတ်တွတ် ပြောနေပြီးကောင်လေးက အရိုးမှာအကောက်ပါတဲ့ထီးနှစ်ချောင်းလုံးကိုလက်တစ်ဖက်မှာချိတ်ထားရင်ကျန်လက်တစ်ဖက်ကနေကောင်မလေးလက်ကိုလွတ်ထွက်မသွားအောင်ဆုပ်ကိုင်ထားတယ်။ သူတို့အဝတ်အစားက ပုံစံတူနေတာကြောင့် ကုမ္ပဏီတစ်ခုခုမှာအလုပ်တူတူလုပ်ကြတဲ့ စုံတွဲဖြစ်လိမ့်မယ်လို့တွေးမိတယ်။ ကောင်မလေး ပြောသမျှကောင်လေးက ခေါင်းငြိမ့်နားထောင်လို့ .... လောကကြီးက ကြည်နူးစရာအတိလို့ ...သူတို့ဖာသာသူတို့တွေးမှတ်လို့ ... သာယာချမ်းမြေ့လို့ ...
ချက်ချင်းဆိုသလို သတိရမိတာက ကျွန်တော့ရှေ့က ဟွန်ဒါဖစ်မရှိတော့တာကိုပါ။ ဘယ်အချိန်ကတည်းက ပြန်ထွက်သွားလည်းမသိတော့ပါဘူး။ ဒီအချိန်မှာပဲ ဖော့ခွက်ကြီးကိုင်ပြီး ဘာမှန်းမသိတာကိုစားနေတဲ့ အနုတ်စုတ်ဂုတ်စုတ် ရုပ်နဲ့ ဂျလေဘီတစ်ကောင်က ဆိုင်ရှေ့ကိုရောက်လာပါတယ် ။ ပြီးတော့ချက်ချင်းဆိုသလိုပဲ ပြန်ထွက်သွားပါတယ် ။ ဒီကောင်လေးတွေက အခြေနေမဲ့လမ်းဘေးက လူတွေပါ ။ ဒီစုပေါင်းတိုက်ခန်းမှာ နေကြတဲ့လူတွေဆီက အမှိုက်ပစ်ပေး တာ နဲ့ လက်တိုလက်တောင်းခိုင်းတာတွေ ကနေရတဲ့ မုန့်ဖိုးလေးတွေနဲ့ ပဲ သူတို့ နိစ္စဒူဝ ဝမ်းရေးကိုဖြေရှင်းနေရတဲ့လူတွေပါပဲ ... ဒါနဲ့ .... ဒါတွေကိုငါဘယ်လိုသိနေပါလိမ့် ..
ထားပါတော့ ...
ဒါပေမယ့် စောစောက ဓါတ်တိုင်ရဲ့ခြေရင်းမှာတော့ ငပိရည်နဲ့တို့စရာကို အဓိက ရောင်းတဲ့ဆိုင်လေးတစ်ဆိုင်ကိုတော့သွားမြင်မိတယ်။ အမကြီးတစ်ဦးက ရောင်းနေပြီးဘေးမှာကွမ်းတပြစ်ပြစ်ဝါးနေတဲ့ဦးလေးကြီးတစ်ဦးက လာဝယ်တဲ့.. လူမရှိတဲ့ဆိုင်သေးသေးလေး မှာ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ဆိုင်လေးကို ဝိုင်းကူလို့နေပါတယ်။ ဖြစ်နိုင်တာက နောက် တစ်နာရီမှာ စျေးခပ်ပေါပေါ တောအရက်လေးတစ်ပိုင်းလောက်သောက်ခွင့်ရချင်လို့ မိန်းမဖြစ်သူဈေးရောင်းတာကို ဝင်ကူ ပြီး အမှတ်ယူနေတဲ့ပုံစံမျိုးပါပဲ။ တကယ်တော့ KIA ကားစီးတဲ့နေရာ Honda fit စီးတဲ့နေရာမှာ ငပိရည်နဲ့တို့စရာပဲ ရောင်းနေမယ်ဆိုရင်တော့ target audience ကနည်းနေမှာပါပဲ ။ ဒါဆိုရင်တော့သူ့ရဲ့ ငပိရည်ကိုအားပေးမယ့်သူလည်းနည်းနေဦးမှာပါပဲ။ စောစောက လမ်းပေါ်က လူငယ်လေးတွေအတွက် နတ်ပြည်ဖြစ်နိုင်ပေမယ့် အဲ့ဒီလူအရေအတွက်က လေးငါးယောက်ထက်မပိုပါဘူး။ Target audience ကို ဒီထက်level up လုပ်ပြီးတခြား ဟင်းတွေပါထည့်ရောင်းမှ ဒီရပ်ကွက်မှာပိုပြီး ဈေးကွက်ရဖို့လမ်းမြင်ပါတယ်။ ဒီအတိုင်းရောင်းနေရင်တော့ နောက် သုံးလလောက်ဆို ဆက်လက်ရပ်တည်ဖို့ခက်ခဲသွားမှာပါ။ လက်ဖက်ရည်က တော်တော်လေးဆိမ့်တာကြောင့် စိတ်ထဲကျေနပ်မိသလို မလိုင်ဖတ်လေးဝါးမိလို့လည်း ဒီလက်ဖက်ရည်က နို့နဲ့ဖျော်တာပဲ ဆိုတဲ့ စိတ်နဲ့ကြည်နူးမိပါတယ်။ ဒါနဲ့ ..ငါဘာလို့ဒီကိုရောက်နေတာပါလိမ့်။
ကျွန်တော့အနောက်ဘက်ဝိုင်းက လက်ဖက်သုပ်နဲ့ထမင်းစားနေရာကနေထသွားတဲ့ပုံစံမျိုး တန်းလန်းကြီးအနေအထားကိုမြင်ရတယ်။ ဆိုင်ရှင်က လက်ဖက်သုပ်ရော ထမင်းပန်းကန်ကိုရောမသိမ်းသေးတာကိုကြည့်ရင် ဒီလူပြန်လာမယ်လို့ယူဆစရာတော့ရှိနေတယ်။ ဒါပေပမယ့်ပြန်လာရင်တော့လက်ဖက်တွေက စားကောင်းပါဦးမလား???
တစ်ချို့တစ်ချို့သောအရာတွေက အချိန်ကိုက် နေရာကိုက်မှာပဲ အဆင်ပြေတတ်ပြီး အချိန်နဲ့နေရာလွဲသွားရင် အဆင်မပြေတတ်တာကို ဒီလူသဘောပေါက်ပါ့မလား?
ကျွန်တော်တို့ဘဝတွေမှာကော အချိန်နဲ့ နေရာလွဲနေခဲ့တဲ့သူတွေဘယ်နှစ်ယောက်များရှိနေခဲ့သလဲ?
ဒါနဲ့ .. ငါဒီကိုဘာလို့ရောက်နေတာလဲ?
ခဏချင်းဆိုသလိုပဲ နောက်ထပ် စုံတွဲလေးတစ်တွဲကိုမြင်လိုက်ရတယ် ။ ဘဲကောင်ကြီးက အရမ်းကိုမဲပါတယ်။ ရုပ်ဆိုးကြီးပေါ့ ... အသက်လည်းတော်တော်ကြီးတဲ့ပုံပါပဲ ။သူက ကောင်မလေးလက်ကို မလွတ်တမ်းဆုပ်ကိုင်ထားတယ်။ ကောင်မလေးကလည်း ငါ့ဘဲကြီးကိုထိရင်ငါနဲ့ငြိပြီသာမှတ်ဆိုတဲ့ ဘာမထီတဲ့ရုပ်ကြီးနဲ့ပေါ့ ။ သူတို့လမ်းလျှောက်ပြီးနောက်... ကျော်လွန် ထွက်ခွာ သွားကြတယ်။ ဘာစကားမှပြောနေကြတာတော့မဟုတ်ဘူး။ သြော် ... မိန်းခလေးတွေဆိုတာလည်း ကိုယ့်ဘဲက ခွေးပေးလို့ဝက်မစားတဲ့ရုပ်ကြီးဖြစ်နေတာတောင်မှ ငါ့ဘဲကိုလာမထိနဲ့ဆိုတဲ့ စိတ်လေးနဲ့ ဝင့်ကြွားတတ်ကြတာမျိုးလားလို့တော့ တွေးမိသေး... ဒါကလည်းပဲ အချစ်ဆိုတဲ့ သဘာဝရဲ့ အမှန်တရားတစ်စိတ်တစ်ပိုင်း ဖြစ်လိမ့်မယ် မဟုတ်လား?
...
...
မိန်းခလေးတွေကကိုယ်ချစ်တဲ့သူဆိုရင် ဘာပဲဖြစ်ဖြစ်.. ဘယ်လိုလူပဲဖြစ်ဖြစ် ရှင်ဘုရင်လိုသဘောထား ပြီး ဝံ့ကြွား တတ်ကြတယ်မဟုတ်လား??
...
...
....
တိုက်ခန်းပေါ်မှာတော့ ရေပုံးမဲမဲလေးကရှိနေတုန်းပါ။ တစ်ချိန်က အဲ့ဒီတိုက်ခန်းက ရေတွေအရမ်းနံနေလို့ ချိုးမရ သုံးမရနဲ့ သုံးရက်လောက် ဒုက္ခရောက်လိုက်ကြသေးတယ်။ ပြီးတော့ ပစိပစပ်များလွန်းတဲ့ဦးလေးကြီးတစ်ယောက်ကိုခေါ်ပြီး လိုအပ်တာတွေပြင်ဆင်ရတာသုံးရက်တော့ကြာခဲ့တယ် ထင်တာပဲ ။အဲ့ဒီတုန်းက အရမ်းပဲ စိတ်ညစ်စရာကောင်းလိုက်သေးတယ်။ အခုတော့ ဒီတိုက်ခန်းလေး အဆင်ပြေနေလောက်ပြီထင်ပါရဲ့ ။ မိုးယိုတဲ့ကိစ္စအတွက် အိမ်ရှင်နဲ့ အကြိတ်အနယ်သွားဆွေးနွေးခဲ့ဖူးသေးသလား? လိုတဲ့ပိုက်ဆံ ကျွန်တော်ပေးမယ် မိုးမယိုအောင်သာလုပ်ပေးလို့ပြောခဲ့ဖူးသေးသလား? ဆောရီး ...ကျွန်တော် မမှတ်မိတော့ပါ .
...
ဒါနဲ့ ....အဲ့ဒီတိုက်ခန်းကကော ငါနဲ့ဘာဆိုင်လို့လဲ ?
...
G&G စတိုးထဲက ကောင်မလေးနဲ့ကောင်လေးတွေထွက်လာတာသတိမထားမိတော့ပါဘူး။
ကျွန်တော့အရှေ့တည့်တည့်ဝိုင်းက လူငယ်လေးတစ်ယောက်ကတော့ ဘောင်းဘီတိုလေးနဲ့ဖုန်းပြောနေတုန်းပါပဲ ကြည့်ရတာ ကျွန်တော်ရောက်ကတည်းက ဖုန်းပြောနေတာ ကျွန်တော်ပြန်ခဲ့ရင်တောင်ပြီးဦးမယ့်ပုံမပေါ်သေးပါဘူး။
..
...
ကျွန်တော့ဖုန်းက အားသွင်းရင်းအိမ်မှာကျန်ခဲ့တာပါ။ ဒီအချိန်ဖုန်းခေါ်မယ့်သူလည်းမရှိလောက်ပါဘူး။ တကယ်တမ်းကျွန်တော့်ဘဝမှာ ကျွန်တော်ကိုယ်တိုင်ထက် တစ်ခြား ဘာမှမယ်မယ်ရရ ပိုင်ဆိုင်ခြင်း မရှိခဲ့ တဲ့လူတစ်ယောက်ပါပဲ။
ညညဆိုအိမ်မက်တွေမက်ပြီးလန့်နိုးတတ်တယ်။ အိမ်မက်ထဲမှာတစ်စုံတစ်ယောက်ရှိတယ်။ သူနဲ့အတူတူကမ်းခြေတွေတူတူသွားခဲ့ကြတယ်။ သူနဲ့ကျွန်တော် အိမ်မက်ထဲမှာတော့ ရည်းစားဖြစ်လိမ့်မယ်လို့တော့တွေးမိတယ်။ ဒါပေမယ့် သူဘယ်သူလဲ ကျွန်တော် မသိပါဘူး။ ...
...
ချက်ချင်းဆိုသလိုပဲ စက်ဘီးအစုတ်ကြီးတစ်စင်းက ဆိုင်ရှေ့ကိုလာရပ်တယ်။ စက်ဘီးပေါ်မှာလည်းစက်ဘီးလိုပဲလူစုတ်စုတ်ကြီးတစ်ယောက်ပါလာတယ်။ အဲ့ဒီလူမျက်နှာက အချိန်မတိုင်ပဲ ရင့်မှည့်လိုက်ရတဲ့ သရက်သီးအစုတ် တစ်လုံးလို ရှုံ့တွလို့ နေတယ်..
...
လူကြီးက ဆိုင်ထဲလှမ်းဝင်လာတော့ အိမ်နဲ့ဆိုင်တွဲထားတဲ့ လက်ဖက်ရည်ဆိုင်က အဝတ်လှမ်းရုတ် နေတဲ့ဦးလေးကြီးကလှမ်းကြည့်တယ်။ သူတစ်ခုခုမှာလိုက်ပုံရပါတယ်။
ဆိုင်ရှင်ရဲ့မိန်းမဖြစ်ဟန်တူသူက ရေနွေးကြမ်းတွေလိုက်ဖြည့်ပေးနေတယ်။
ကျွန်တော်ရုတ်တရက်ခေါင်းတွေမိုက်ခနဲဖြစ်ပြီး ခဏ နေတော့ပြန်ကောင်းလာတယ်
ကျွန်တော် ဆေးမသောက်ခဲ့မိတာပြန်သတိရတယ်...ပြီးတော့ ဒီနေ့အတွက် လုပ်ရမယ့် လေ့ကျင့်ခန်းလည်းမလုပ်ခဲ့မိသေးဘူး..
တိုက်ခန်းရဲ့ ဝရံတာမှာပုံးမဲမဲလေးကိုလှမ်းမြင်နေရတယ်။
...
အဲ့နေရာလေးမှာပဲ တစ်ချိန်က ကျွန်တော်ပြန်တော့မယ်ဆိုရင် လက်လှမ်းပြတတ်တဲ့တစ်စုံတစ်ယောက်ကိုလှမ်းမြင်မိသလိုလိုပါပဲ .... ကျွန်တော်က short time memories တွေ ပျောက်ဆုံးနေသူမို့ တကယ်တမ်း ဘာကိုမှ ရေရေရာရာတော့ မသိပါဘူး။။
သရက်သီးရှုံ့တွနဲ့တူတဲ့ဦးလေးကြီးကတော့ လက်ဖက်ရည်သောက်နေပါပြီ။
ကျွန်တော့ဘေး နားက ကမ္ဘာကြီးဟာ သူ့ဟာနဲ့သူတော့လည်ပတ်နေကြတုန်းပါပဲ။
ကျွန်တော်သောက်နေတဲ့နွားနို့နဲ့ဖျော်တဲ့လက်ဖက်ရည်လည်းကုန်ပါပြီ..
ကျွန်တော်ပြန်ဖို့အချိန်တန်ပါပြီ။
တိုက်ခန်းဝရံတာမှာ ပုံးမဲမဲလေးကိုလှမ်းမြင်နေရဆဲ..
အဲ့ဒီက အောက်ဘက်မှာတော့ အရွက်လေးတွေလှုပ်ခက်နေတဲ့ ညောင်ပင်ပေါက်လေးကိုလည်းမြင်မိပါရဲ့ ..
.....
ကျွန်တော် ဆိုင်ကနေထထွက်တော့ ညာဘက်ရင်အုံက အောင့်ခနဲဖြစ်သွားပြီးမျက်ရည်တို့က အတားအဆီးမရှိကျဆင်းလာခဲ့တာတော့ သတိထားမိတယ်။
ဘာလို့လည်း? ဘာကြောင့်ဒီလိုဖြစ်ရတာလည်း ကျွန်တော်လည်း သေသေချာချာ မသိသလို .....
ကျလာတဲ့မျက်ရည်တွေကို သုတ်လိုက်ဖို့လည်းစိတ်ကူးမရှိ ...
...
...
တိုက်ခန်း နံရံပေါ်က .. ညောင်ပင်ပေါက်လေးကတော့ လေလည်းသေချာမတိုက်ပါပဲ လှုပ်ခက်နေဆဲ...
ဆည်းဆာနေဝင်ချိန် ညနေခင်းလေးကလည်း သူ့သဘာဝအတိုင်း လှပနေဆဲ ....
..
..
..