ပြည်တွင်းတွင် လွန်ခဲ့သော ရက်သတ္တပတ်မှ စတင်၍ အင်တာနက် ဆက်သွယ်မှုများ ပြတ်တောက်နှေးကွေး ခဲ့ခြင်းသည် ယခုအချိန်အထိ ပြန်လည် ကောင်းမွန်လာခြင်း မရှိသေးကြောင်း အင်တာနက် သုံးစွဲသူများထံမှ စုံစမ်းသိရှိ ရသည်။

ယခုကဲ့သို့ ဖြစ်ရခြင်းမှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း နှင့် ရတနာပုံ တယ်လီပို့ တို့၏ ISP များသို့ ပြည်ပမှ DDOS ခေါ် Distributed Denial of Services နည်းလမ်းဖြင့် Cyber Attack ပြုလုပ်ကာ တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်ဟု ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ICT Department မှ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

၎င်းတိုက်ခိုက်မှုကို ကာကွယ် ဟန့်တား ပြင်ဆင်ရန်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရတနာပုံ တယ်လီပို့၊ မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်များအသင်းတို့မှ ပညာရှင်များ ပါဝင်သော MMCERT အဖွဲ့၊ Asia Pacific Network မှ ပညာရှင်များမှ ဆောင်ရွက်နေကြပြီး ပြည်ပအဖွဲ့အစည်းများ ဖြစ်သော CNCERT နှင့် JPCERT တို့မှလည်း ကူညီထောက်ပံ့ ပေးလျက်ရှိပြီး နောက်ထပ် ရက်အနည်းငယ်အတွင်း ဆက်သွယ်မှုများ ပြန်ရရှိတော့မည်ဟု ရတနာပုံတယ်လီပို့၏ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ DDOS ခေါ် Distributed Denial of Services နည်းလမ်းဖြင့် Cyber Attack ပြုလုပ်ခြင်း ဆိုသည်မှာ သက်ဆိုင်ရာ ISP တစ်ခု၏ DNS Server များသို့ Accessment အတုအယောင်များ သန်းနှင့်ချီ၍ ဖန်တီးလိုက်ခြင်းဖြင့် သက်ဆိုင်ရာ Server ၏ bandwidth ကျော်လွန်ကာ အမှန်တကယ် သုံးစွဲသူများ ၀င်ရောက်သုံးစွဲ၍ မရတော့ဘဲ DNS Failure ဖြစ်သွားစေကြောင်း၊ ယခု တိုက်ခိုက်မှုသည် 5 GB ခန့် ပမာဏအထိ များပြား ပြင်းထန်သည်ဟု ကြားသိရကြောင်း မြန်မာအင်ဖိုတက်ရှိ MIT ကုမ္ပဏီ၏ Sage Department မှ IT ပညာရှင်တစ်ဦး ဖြစ်သူ မတင်ဇာဖြိုး မှ ပြောပြသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့်အလားတူတိုက်ခိုက်မှုမျိုးကိုအရင်ကလည်း ကြုံတွေ့ ခဲ့ဖူးပြီး နှစ်ရက်လောက်အတွင်းပုံမှန်ပြန်ဖြစ်အောင်
ပြုပြင်နိုင်ခဲ့ကြောင်း ယခုမှ တစ်ပတ်ကျော်ကြာအောင် ကွန်နက်ရှင်ကျဆင်းနေခြင်းမှာ နိုင်ငံရေး ကိစ္စများကြောင့် သတင်းအချက်အလက်များ နှောင့်
နှေးစေရန်တမင်ပြုလုပ်ခြင်းသာဖြစ်နိုင်ကြောင်းပြည်တွင်းမှ User အချို့ မှ သုံးသပ်ပြောဆိုတာကိုတွေ့ ရသည်။ရန်ကုန်မြို့ ရှိ အင်တာနက်ဆိုင်တစ်ဆိုင်မှ တာဝန်ခံတစ်ဦးကမူ " အင်တာနက် ၀န်ဆောင်မှု ပေးတဲ့ ကုမ္မဏီ အနေနဲ့ ထိုက်တန်တဲ့ အခကြေးငွေပေးပြီး သုံးကြရတဲ့ User တွေကို လေးစား တန်ဖိုးထားတဲ့ အနေနဲ့ ဘာ့ကြောင့်ဖြစ်တယ် ဘယ်တော့လောက် ပြန်ကောင်းမယ် စသည်ဖြင့် သတင်းပေးသင့်တယ် ထင်ပါတယ်။အင်တာနက်ကသာသုံးလို့ မရတာ .. လိုင်းကြေးကတော့ ပုံမှန်အတိုင်းပေးနေရတာပဲ "ဟုပြောခဲ့သည်။
ယခုကဲ့သို့ အင်တာနက်လိုင်း နှေးကွေး ပြတ်တောက်မှု များကြောင့် အင်တာနက် ဆက်သွယ်ရေးအပေါ် အဓိကမူတည်နေသော စီးပွားရေး လုပ်ငန်းများ ဖြစ်သည့် IT ကုမ္ပဏီများ၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများ၊ လေကြောင်းလိုင်းများ၊ ပြည်တွင်းမီဒီယာများ၊ ပြည်ပ ဆေးရုံ၊ တက္ကသိုလ်များနှင့် ချိတ်ဆက် ဆောင်ရွက်နေသော ကျန်းမာရေး၊ ပညာရေး ၀န်ဆောင်မှု လုပ်ငန်းများအနေဖြင့် အဓိက ထိခိုက်မှုများ ရှိခဲ့ကြောင်း၊
သိရသည်။