သူမသည်ကျွန်တော့် ရဲ့သတို့သမီးဖြစ်ပါသည်။

ကျွန်တော်ကသူမကိုမေးခဲ့သည် “နင်ငါ့ရဲ့သတို့သမီးလုပ်မလား ?”

ရိုးရှင်းပါသည်။ ကိုယ့်ကိုယ်ကို လူကြီးဟုခံယူထားကြသော ကလေးကြီးများထလာကြသည် ။

လူများကြီးလာသောအချိန်တွင်လူကြီးများမဖြစ်လာပဲ ကလေးကြီးများဖြစ်လာခြင်းအတွက် ကျွန်တော်စိတ်မကောင်းပါ ။

စိတ်မကောင်းဟုပြော၍သိုးနေသည်ဟုမထင်ကြ စေလိုကြောင်းလေးနက်စွာပြောကြားလိုပါသည်။

တကယ်တော့လေးနက်ခြင်းကိုကျွန်တော်မသိပါ။ ကတ္တရာပုံးဖြစ်နိုင်သလို ကျောက်မီးသွေးအိတ်လည်းဖြစ်နိုင်ပါသည်။

နှစ်ခုလုံးလည်းဖြစ်နိုင်ပါသည်။အရေးမကြီးပါ။

အရေးမကြီးသောကိစ္စများအရေးကြီုးကုန်ကြ သည်။ထို့ကြောင့် အရေးကြီး သောကိစ္စများမှေးမှိန်ကုန်ကြသည်။

သိပ်မကြာခင်သူမနှင့်ကျွန်တော် ချောင်ကျ၍တိတ်ဆိတ်သောကော်ဖီဆိုင်လေးတစ်ခုတွင် တိုက်ဆိုင်ချင်ဟန်ဆောင်၍ပြန်တွေ့ကြသည်။

ကော်ဖီဆိုင်ဟု အမည်တပ်ပြီးလက်ဖက်ရည်ရော စားစရာများ ပါပူးတွဲရောင်းချနေခြင်းအပေါ်မည်သူတစ်ဦးတစ်ယောက်ကမှ အရေးတယူမရှိလှပါ ။

လူတို့သည် ၎င်းတို့နှစ်သက်ပါက မှားနေသော်လည်း ငြိမ်ဆိတ် စွာ လက်ခံတတ်ကြပါသည်။

(ငြင်းဆိုလိုသူများ “စကားနဘမ်း”သို့သွားရောက်ငြင်းဆိုနိုင်ပါသည်။)

ပြောချင်လွန်းသောစကားလုံးများကို ပုန်းဝှက်၍ မပြောချင်သောစကားများသာပြောကြသည်။

အကျင့်ပါနေသောကြောင့်လည်းဖြစ်နိုင်ပါသည်။ လူတို့သည် အပိုစကားများစွာပြောတတ်သူများသာဖြစ်ကြသည်။

 သူမကိုနင့်နင့်သဲသဲ ချစ်ပါသည်။ စင်စစ် “နင့်” တာကိုကျွန်တော်နားမလည်ခဲ့ပါ ။ ဘယ်လိုနင့်သလဲသိချင်ပါသည်။

ကျေးဇူးပြု၍ နည်းနည်းလောက်နင့်ပြကြပါ။

သူမသည်မိန်းမတစ်ယောက်သာဖြစ်၍မိန်းမတစ်ယောက်ကဲ့သို့သာတွေးမြင်ပါသည်။ (ကျွန်တော်လည်းယောက်ျားတစ်ယောက်ဖြစ်၍ ယောက်ျားတစ်ယောက်ကဲ့သို့သာတွေးမြင်ပါလိမ့်မည်)ကျေပြီ။

အနက်ရောင်ညများအတွင်းအနီရောင် သွေးစက်တို့ ခွမ်းခနဲကျကွဲ သံကြားခဲ့ရသည်။

အဖြူရောင်ဘ၀ငယ်ထဲ အ၀ါရောင်နေ့ ရက်တို့စွန်းထင်းပေကျံကုန်သည်။

အပြာရောင်မိုးကောင်းကင်ထဲ မပျံဝဲခဲ့သလို အစိမ်းရောင်သစ်ရိပ်တွင်လည်းမခိုနားခဲ့။

ခံစားချက်များအားနာမည်တပ်ရန် ဟိုးပဝေသဏီကတည်းက ကြိုးစားခဲ့ကြ ဖူးသည်။

အချစ် ၊အမုန်း ၊ အလွမ်း ၊မျက်ရည် ၊ ……………………………………. Etc;

အမည်များသည်ခံစားချက်များမဟုတ်ကြသလို ခံစားချက်များတွင်လည်းအမည်မရှိပါ။

အမည်မဲ့ခံစားချက်များအကြား အသက်ရှင်ရန် ကြိုးစားဖူးပါသည်။ အချစ် ကိုအချစ်ဟုအမည်မတပ်စေလိုပါ။

ကျွန်တော့်သတို့သမီးလေးအား အိမ်မက်တွေစီးပြီး စိတ်ကူးတွေ ရံပေးခဲ့ပါသည်။

 (သူမသည် အိမ်မက်တွေကိုမစီးပါ။ တစ်ခါတစ်ခါ ဆိုက်ကားတော့စီးပါသည်။)

ပြောမထွက်ခဲ့သောစကားလုံးများကိုရင်ဘက်ထဲထိုးထည့်ပြီးရင်းထိုးထည့် ခဲ့ ရန် မည်သည့် တိုက်တွန်းမှုမျှမလိုအပ်ကြောင်းယုံကြည်စေချင်လွန်းပါသည်။

ဘ၀သည် VCD တစ်ချပ်မဟုတ်ခဲ့ပါ။

သို့သော်….ကျွန်တော် အစသို့ပြန်ရစ်လိုက်သဖြင့် အစသို့ပြန်ရောက်သွားသည်။

 ရိုးရှင်းပါသည်။ ကျွန်တော်ကသူမကိုမေးခဲ့သည် “ နင်ငါ့ရဲ့သတို့သမီးလုပ်မလား ?”

သူမသည်ကျွန်တော့် ရဲ့သတို့သမီးဖြစ်ပါသည်။

အောင်အောင်